မနက်စောစော ရပ်ကွက်ဆွမ်းလောင်းဓမ္မာရုံက ဖြစ်မယ်ထင်ပါတယ်။ အဆိုတော်ကြီးဒေါ်မာမာအေး အသံနဲ့ ဘုံဆောင်မြင့် (ဖောင်လားကြိုး) မဟာဂီတ သီချင်းကြီးကို ဖွင့်နေတာ။
နားဝမှာ ကြားရတာ ကျက်သရေ မင်္ဂလာ ရှိလိုက်တာ။
သီချင်းဖွင့်တဲ့သူကတော့ ဒီသီချင်းကြီးက ဘာအဓိပ္ပါယ်ရှိတယ် သိဟန် မတူပါဘူး။ ကြေးနောင်တီးချက်တွေနဲ့ မြန်မာဆန်တဲ့ ရှေးသီချင်းမို့ စောစောစီးစီး မင်္ဂလာယူပြီး ဘုံဆောင်မြင့် နဲ့ ဖွင့်လိုက်ပုံပါဘဲ။
သြော်.. ကိုယ့်အတွက်ကတော့ မဟာဂီတသီချင်းသံလေး ကြားလိုက်ရတာနဲ့ ဘယ်သူရေးတယ်၊ သီချင်းစာသားက ဘာကိုညွှန်းတယ်၊ ပေါရာဏစကားလုံးတွေရဲ့ ကြွယ်ဝတဲ့ အနက်တွေကို ပြန်တွေး ခံစားရင်း သမိုင်းနောက်ပြန် လည်မိတယ်။
ဘုံဆောင်မြင့် အစချီ ဖောင်လားကြိုး ကို ရေးစပ်ခဲ့သူက စာဆိုစစ်သည် မဟာသီဟသူရ မြဝတီမင်းကြီးဦးစ ပေါ့။
မြန်မာမင်းတွေ လက်ထက်က ကုန်းလမ်း ရေလမ်း နှစ်ဌာနကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတယ်လေ။ အထူးသဖြင့် နိုင်ငံရဲ့ မြောက်ဖျားကနေ တောင်ဘက်ပင်လယ်ထဲအထိ ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးက ရေးကြောင်းခရီးအတွက် အသက်သွေးကြောပေါ့။
ဘုရင်မင်းမြတ်တွေဟာလဲ ရေကြောင်းချီ ထွက်တော်မူလေ့ရှိကြတယ်။ ရေသဘင်ပွဲတော်တွေလဲ ကျင်းပခဲ့ကြတယ်။ ရေနဲ့ ပတ်သက်တဲ့ အခမ်းအနားကြီးတွေမှာ အထူးထူး ဆန်းပြား ခမ်းနားစွာ တည်ဆောက်ထားတဲ့ ဖောင်တော်ကြီးတွေစီးလို့ ထွက်တော်မူချိန်ကို ပြန်မြင်ယောင်မိပါရဲ့။
အဲ့လို ရေကြောင်းချီ ထွက်တော်မူ အခမ်းအနားကြီးတွေကို မျက်ဝါးထင်ထင် ကိုယ်တိုင်မြင်ခဲ့ ကြုံခဲ့ သိခဲ့ရတဲ့ မြဝတီမင်းကြီးက ဖောင်လားကြိုး မဟာဂီတဝင် ကြိုးသီချင်းကို ရေးဖွဲ့လို့ နောက်လူတွေအတွက် ချန်ထားခဲ့လေရဲ့။
မဟာဂီတထဲက ကြိုးသီချင်းတွေထဲမှာ ၂ ပုဒ် တစ်စုံကြိုး၊ ၃ ပုဒ် တစ်စုံကြိုး၊ ၅ ပုဒ် တစ်စုံကြိုး လို့ ထူးထူးခြားခြား သီချင်းကြီးတွေ ရှိခဲ့တယ်။
၂ ပုဒ် တစ်စုံထဲမှာ ကင်းဘတ်ကြီး၊ ကင်းဘတ်ငယ်
၃ ပုဒ် တစ်စုံထဲမှာ ဖောင်ငင်ကြိုး၊ ဖောင်လားကြိုး၊ ဖောင်ဆိုက်ကြိုး ဒီသီချင်းတွေဟာ ရေကြောင်းချီရာမှာ အသုံးပြုတဲ့ ဖောင်တော်၊ လှေတော်တွေအကြောင်း ရေးဖွဲ့သီကျူးထားတဲ့ သီချင်းတွေပေါ့။
ပြောချင်တာတွေက များတော့ လိုရင်းပျောက်လို့ ဘုံဆောင်မြင်ဘက် ပြန်လှည့်ဦးမှ 🤣
မြဝတီမင်းကြီးက ဖောင်လားကြိုးကို ဒီလိုရေးခဲ့တယ်-
ဘုံဆောင်မြင့်။ စိန်ကြောင်ဖလ်ရှိန်။ ညီးလို့လင်းလင်း။ ။ ကြွားကြွား မိုးဖျား။ သီခေါင်လေ ရီမှောင်လေ ဝေးရရှင်းရှင်း။ ။ ကိုးမျက်မြွှာငယ်လေ။ စိုးစကြာငယ်လေ။ လောကလောင်းမင်း။ ။ ဘုန်းတေဇာငယ်လေ။ နှုန်းနေဖြာတယ်လေ။ ထွန်းပဝင်းဝင်း။ ။ ရေနန်းဗိမာန်ငယ်လေ။ ထူးလှကောင်းခြင်း။ ။ ရွှန်းရွှန်းလန်းလို့။ လျှပ်ပန်း လျှပ်ပန်း။ ထွေးပင်သာ ထွေးလှသောင်းတွင်း။ ။ သီဟာရွှေဗွေခင်းမှာလ။ ရွေတည့်ရွေညီလာ။ ။ ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။ ။ ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဖောင်လားကွန့်လေး။ ။ ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။ ။ ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဖောင်လားကွန့်။ များ လှေ ရံလေလေတည့်။ များလှေရံ။ ။
ဖောင်တော်တွေရဲ့ ဘုံပြသာဒ်တော်တွေဟာ စိန်ရောင် ရွှေရောင် ဖလ်ရောင်တွေနဲ့ လျှပ်စီးလက်သလို တဖြတ်ဖြတ်လင်းလက်နေပြီး မိုးထိအောင် မြင့်မားဝံ့ကြွား လှပတင့်တယ်နေပုံကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် တန်ဆာဆင် ရေးဖွဲ့ထားသလို မြစ်တွင်းမှာ ကျင်းပတဲ့ ရေသဘင်ပွဲတော် အခမ်းအနားရဲ့ ကြီးကျယ် ခမ်းနားပုံကိုလဲ လှလှပပ ထိထိမိမိ ရေးဖွဲ့သွားတဲ့ မြဝတီမင်းကြီးရဲ့ ကလောင်စွမ်းက အံ့မခန်း မင်သက်မိအောင်ပါဘဲ။
သီချင်းရဲ့ အချပိုဒ်မှာ
... ယဉ်ဧရာ ကြယ်ရံကာ သော်တာတွားသို့ လေး၊ ပြာချေမှောင် ခွာသွေရှောင်၊ ရွှေဖောင်လားကွန့်၊ များ လှေ ရံလေလေ လေတည့်၊ များလှေရံ... ဆိုတဲ့ အဖွဲ့အနွဲ့လေးကလဲ လှပါဘိ။
ဧရာဝတီမြစ်ပြင်ကျယ်ကြီးထဲမှာ မင်းတရားကြီး လိုက်ပါစီးနင်းလာတဲ့ ရွှေဖောင်တော်ကြီးကို များပြားလှစွာတဲ့ လှော်ကားတော်၊ ရဲလှေ၊ တိုက်လှေ၊ ဆွဲလှေ စတာတွေက ဝန်းရံပြီး ဖောင်တော်လားတာဟာ အပြာရောင်ကောင်းကင်ကြီးကို အမှောင်ထုဖုံးလွှမ်းသွားချိန်မှာ ထွက်ပေါ်လာတဲ့ လမင်းကြီးကို ကြယ်လေးတွေ ဝန်းရံထားတာနဲ့ တူပါသတဲ့.. ဘယ်လောက်များ နုယွလှပလိုက်တဲ့ စာသားတွေနော်
ဒီအပိုဒ်နဲ့ အလားတူအဓိပ္ပါယ်ရတဲ့ အကြောင်းအရာကို ဘကြီးတော်မင်းလက်ထက် ဗြိတိသျှသံတမန် ကရောဖို့ဒ်က ဘကြီးတော်၊ မိဖုရားကြီး မယ်နု နဲ့ သမီးတော်ကလေး(နောင်တွင် ဆင်ဖြူမရှင်မိဖုရား) တို့ တက်ရောက်ခဲ့တဲ့ ရေသဘင်ပိတ်ပွဲအကြောင်းကို သူ့ရဲ့ မှတ်တမ်းမှာ ခုလို အောက်ပါအတိုင်း ရေးထားခဲ့ပါတယ်။
"The moment chosen was the most favourable for effect. The setting sun shone brilliantly upon a profusion of “barbaric gold,” and the pageant was altogether the most splendid and imposing which I had ever seen, ..."(John Crawfurd, British envoy to the Myanmar court in 1826)
စာလဲရှည်သွားပြီထင်ပါတယ်။ ဖောင်လားကြိုး တစ်ပုဒ်ထဲတောင် ချဲ့ပြော ချဲ့ရေးရင် တွေးစရာ ရေးစရာတွေ အများကြီးပါဘဲ။ ဖောင်နဲ့ပတ်သက်တဲ့ ၃ ပါးတစ်စု ကြိုးသီချင်း ၃ ပုဒ်ဆိုရင်တော့ ဝန်ကြီးဌာနအဆင့်မီသုတေသနစာတမ်းကောင်းတစ်စောင် ထပ်ထွက်လာဦးမယ် ထင်ပါတယ်။ ။
#တင်လတ်ယု