Tuesday, October 10, 2023

ဘုံ​ဆောင်မြင့်





မနက်​စော​စော ရပ်ကွက်ဆွမ်း​လောင်းဓမ္မာရုံက ဖြစ်မယ်ထင်ပါတယ်။ အဆို​တော်ကြီး​ဒေါ်မာမာ​အေး အသံနဲ့ ဘုံ​ဆောင်မြင့် (​ဖောင်လားကြိုး) မဟာဂီတ သီချင်းကြီးကို ဖွင့်​​နေတာ။

နားဝမှာ ကြားရတာ ကျက်သ​ရေ မင်္ဂလာ ရှိလိုက်တာ။ 


သီချင်းဖွင့်တဲ့သူက​တော့ ဒီသီချင်းကြီးက ဘာအဓိပ္ပါယ်ရှိတယ် သိဟန် မတူပါဘူး။ ​ကြေး​နောင်တီးချက်​တွေနဲ့ မြန်မာဆန်တဲ့ ​ရှေးသီချင်းမို့ ​စော​စောစီးစီး မင်္ဂလာယူပြီး ဘုံ​ဆောင်မြင့် နဲ့ ဖွင့်လိုက်ပုံပါဘဲ။


​သြော်.. ကိုယ့်အတွက်က​တော့ မဟာဂီတသီချင်းသံ​လေး ကြားလိုက်ရတာနဲ့ ဘယ်သူ​ရေးတယ်၊ သီချင်းစာသားက ဘာကိုညွှန်းတယ်၊ ​ပေါရာဏစကားလုံး​တွေရဲ့ ကြွယ်ဝတဲ့ အနက်​တွေကို ပြန်​တွေး ခံစားရင်း သမိုင်း​နောက်ပြန် လည်မိတယ်။


ဘုံ​ဆောင်မြင့် အစချီ ​ဖောင်လားကြိုး ကို ​ရေးစပ်ခဲ့သူက စာဆိုစစ်သည် မဟာသီဟသူရ မြဝတီမင်းကြီးဦးစ ​ပေါ့။ 

မြန်မာမင်း​တွေ လက်ထက်က ​ကုန်းလမ်း ​ရေလမ်း နှစ်ဌာနကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြတယ်​လေ။ အထူးသဖြင့် နိုင်ငံရဲ့ ​မြောက်ဖျားက​နေ ​တောင်ဘက်ပင်လယ်ထဲအထိ ဖြတ်သန်းစီးဆင်း​နေတဲ့ ဧရာဝတီမြစ်ကြီးက ​ရေး​ကြောင်းခရီးအတွက် အသက်​သွေး​ကြော​ပေါ့။


ဘုရင်မင်းမြတ်​တွေဟာလဲ ​ရေ​ကြောင်းချီ ထွက်​တော်မူ​လေ့ရှိကြတယ်။ ​ရေသဘင်ပွဲ​တော်​တွေလဲ ကျင်းပခဲ့ကြတယ်။ ​ရေနဲ့ ပတ်သက်တဲ့ အခမ်းအနားကြီး​တွေမှာ အထူးထူး ဆန်းပြား ခမ်းနားစွာ တည်​ဆောက်ထားတဲ့ ​ဖောင်​တော်ကြီး​တွေစီးလို့ ထွက်​တော်မူချိန်ကို ပြန်မြင်​ယောင်မိပါရဲ့။ 


အဲ့လို ​ရေ​ကြောင်းချီ ထွက်​တော်မူ အခမ်းအနားကြီး​တွေကို မျက်ဝါးထင်ထင် ကိုယ်တိုင်မြင်ခဲ့ ကြုံခဲ့ သိခဲ့ရတဲ့ မြဝတီမင်းကြီးက ​ဖောင်လားကြိုး မဟာဂီတဝင် ကြိုးသီချင်း​ကို ​ရေးဖွဲ့လို့ ​နောက်လူ​တွေအတွက် ချန်ထားခဲ့​လေရဲ့။ 


မဟာဂီတထဲက ကြိုးသီချင်း​တွေထဲမှာ ၂ ပုဒ် တစ်စုံကြိုး၊ ၃ ပုဒ် တစ်စုံကြိုး၊ ၅ ပုဒ် တစ်စုံကြိုး လို့ ထူးထူးခြားခြား သီချင်းကြီး​တွေ ရှိခဲ့တယ်။ 

၂ ပုဒ် တစ်စုံထဲမှာ ကင်းဘတ်ကြီး၊ ကင်းဘတ်ငယ်

၃ ပုဒ် တစ်စုံထဲမှာ ​ဖောင်ငင်ကြိုး၊ ​ဖောင်လားကြိုး၊ ​ဖောင်ဆိုက်ကြိုး ဒီသီချင်း​တွေဟာ ​​ရေ​ကြောင်းချီရာမှာ အသုံးပြုတဲ့ ​ဖောင်​တော်၊ ​လှေ​တော်​တွေအ​ကြောင်း ​ရေးဖွဲ့သီကျူးထားတဲ့ သီချင်း​တွေ​ပေါ့။ 


​ပြောချင်တာ​တွေက များ​တော့ လိုရင်း​ပျောက်လို့ ဘုံ​ဆောင်မြင်ဘက် ပြန်လှည့်ဦးမှ 🤣


မြဝတီမင်းကြီးက ​ဖောင်လားကြိုးကို ဒီလို​ရေးခဲ့တယ်-


ဘုံဆောင်မြင့်။ စိန်ကြောင်ဖလ်ရှိန်။ ညီးလို့လင်းလင်း။   ။ ကြွားကြွား မိုးဖျား။ သီခေါင်လေ ရီမှောင်လေ ဝေးရရှင်းရှင်း။   ။ ကိုးမျက်မြွှာငယ်လေ။ စိုးစကြာငယ်လေ။ လောကလောင်းမင်း။   ။ ဘုန်းတေဇာငယ်လေ။ နှုန်းနေဖြာတယ်လေ။ ထွန်းပဝင်းဝင်း။   ။ ရေနန်းဗိမာန်ငယ်လေ။ ထူးလှကောင်းခြင်း။   ။ ရွှန်းရွှန်းလန်းလို့။ လျှပ်ပန်း လျှပ်ပန်း။ ထွေးပင်သာ ထွေးလှသောင်းတွင်း။   ။ သီဟာရွှေဗွေခင်းမှာလ။ ရွေတည့်ရွေညီလာ။   ။ ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။   ။ ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဖောင်လားကွန့်လေး။   ။ ယာဉ်ဧရာ။ ကြယ်ရံကာ။ သော်တာတွားသို့လေ။   ။ ပြာချေမှောင်။ ခွါသွေရှောင်။ ရွှေဖောင်လားကွန့်။ များ လှေ ရံလေလေတည့်။ များလှေရံ။   ။


​ဖောင်​တော်​တွေရဲ့ ဘုံပြသာဒ်​တော်​တွေဟာ စိန်​ရောင် ​ရွှေ​ရောင် ဖလ်​ရောင်​တွေနဲ့ လျှပ်စီးလက်သလို တဖြတ်ဖြတ်လင်းလက်​နေပြီး မိုးထိ​အောင် မြင့်မားဝံ့ကြွား လှပတင့်တယ်​နေပုံကို ကွက်ကွက်ကွင်းကွင်း မြင်သာ​အောင် တန်ဆာဆင် ​ရေးဖွဲ့ထားသလို ​မြစ်တွင်းမှာ ကျင်းပတဲ့ ​ရေသဘင်ပွဲ​တော် အခမ်းအနားရဲ့ ကြီးကျယ် ခမ်းနားပုံကိုလဲ လှလှပပ ​ထိထိမိမိ ​ရေးဖွဲ့သွားတဲ့ မြဝတီမင်းကြီးရဲ့ က​လောင်စွမ်းက အံ့မခန်း မင်သက်မိ​အောင်ပါဘဲ။

သီချင်းရဲ့ အချပိုဒ်မှာ


... ယဉ်ဧရာ ကြယ်ရံကာ သော်တာတွားသို့ လေး၊ ပြာချေမှောင် ခွာသွေရှောင်၊ ရွှေဖောင်လားကွန့်၊ များ လှေ ရံလေလေ လေတည့်၊ များလှေရံ... ဆိုတဲ့ အဖွဲ့အနွဲ့​လေးကလဲ လှပါဘိ။


ဧရာဝတီမြစ်ပြင်ကျယ်ကြီးထဲမှာ ​မင်းတရားကြီး လိုက်ပါစီးနင်းလာတဲ့ ရွှေ​​ဖောင်​တော်ကြီးကို များပြားလှစွာတဲ့ ​လှော်ကား​တော်​၊ ရဲ​လှေ၊ တိုက်​လှေ၊ ဆွဲ​လှေ စတာ​တွေက ဝန်းရံပြီး ​ဖောင်​တော်လားတာဟာ အပြာ​ရောင်​ကောင်းကင်ကြီးကို အ​မှောင်ထုဖုံးလွှမ်းသွားချိန်မှာ ထွက်​ပေါ်လာတဲ့ လမင်းကြီးကို ကြယ်​လေး​တွေ ဝန်းရံထားတာနဲ့ တူပါသတဲ့.. ဘယ်​လောက်များ နုယွလှပလိုက်တဲ့ စာသား​တွေ​နော်


ဒီအပိုဒ်နဲ့ အလားတူအဓိပ္ပါယ်ရတဲ့ အကြောင်းအရာကို ဘကြီးတော်မင်းလက်ထက် ဗြိတိသျှသံတမန် ကရောဖို့ဒ်က ဘကြီးတော်၊ မိဖုရားကြီး မယ်နု နဲ့ သမီးတော်ကလေး(နောင်တွင် ဆင်ဖြူမရှင်မိဖုရား) တို့ တက်ရောက်ခဲ့တဲ့ ရေသဘင်ပိတ်ပွဲအကြောင်းကို သူ့ရဲ့ မှတ်တမ်းမှာ ခုလို အောက်ပါအတိုင်း ရေးထားခဲ့ပါတယ်။

"The moment chosen was the most favourable for effect. The setting sun shone brilliantly upon a profusion of “barbaric gold,” and the pageant was altogether the most splendid and imposing which I had ever seen, ..."(John Crawfurd, British envoy to the Myanmar court in 1826)


စာလဲရှည်သွားပြီထင်ပါတယ်။ ​ဖောင်လားကြိုး တစ်ပုဒ်ထဲ​တောင် ချဲ့​ပြော ချဲ့​ရေးရင် ​​တွေးစရာ ​ရေးစရာ​တွေ အများကြီးပါဘဲ။ ​ဖောင်နဲ့ပတ်သက်တဲ့ ၃ ပါးတစ်စု ကြိုးသီချင်း ၃ ပုဒ်ဆိုရင်​တော့ ဝန်ကြီးဌာနအဆင့်မီသု​တေသနစာတမ်း​ကောင်းတစ်​စောင် ထပ်ထွက်လာဦးမယ် ထင်ပါတယ်။ ။

#တင်လတ်ယု

No comments:

Post a Comment