Thursday, October 12, 2023

ထူးမခြားနား (အပိုင်း ၁)

ထူးမခြားနားအ​ကြောင်း​လေး ​ရေးပါဦး သိခြင်လို့ စသည်ဖြင့် ​တောင်းဆိုထားကြတဲ့ စာဖတ်သူ​တွေအတွက်ပါ။ မဟာဂီတကို မြတ်နိုးတဲ့ တစ်​ယောက်ဆီတိုင်းကိုလဲ ​လေးစားစွာ ​ကျေးဇူးတင်ပါတယ်။ 


ထူးမခြားနား အစချီ ​ရောင်ခြည်​တော်ဘွဲ့ သီချင်းခံ ကို​​တော့ ဘာသာ​ရေးဆိုင်ရာ အခမ်းအနား အ​တော်များများမှာ သီဆိုပူ​ဇော်​လေ့ရှိကြလို့ မြန်မာလူမှုအသိုက်အဝန်းမှာ လူသိများ ထင်ရှားပါတယ်။


မဟာဂီတ သီချင်းကြီး​တွေထဲမှာ ​ဘုရားရှင်ရဲ့ ​ရောင်ခြည်​တော်ဘွဲ့ သီချင်းက ထူးမခြားနား တစ်ပုဒ်ထဲ ရှိတာ မဟုတ်ပါဘူး။

မြဝတီမင်းကြီးဦးစ ​ရေးတဲ့ ကိုးသွယ်လျှံညီး၊ မ​ကွေးဝန်​ထောင်မင်း ​ရေးသားတဲ့ မာရဝိဇယထွတ်ဘုန်းစည်၊ ​ခြောက်သွယ်​ရောင်ရှိန် စတဲ့ ​သီချင်း​တွေလဲ ရှိ​နေပါ​သေးတယ်။


အလျဥ်းသင့်ရင် မာရဝိဇယထွတ်ဘုန်းစည် အစချီ သီချင်းကြီးကို မာရဝိဇယ ဘုရားကြီးတည်ထားချိန်မှာ ပြန်လည်​ဖော်ထုတ် ပူ​ဇော်ခဲ့တဲ့ ပညာရှင်အ​ကြောင်း ​ပြောပြပါဦးမယ်။ 


ထူးမခြားနား သီချင်းခံဟာ မြတ်စွာဘုရားရှင်ရဲ့ စွယ်​တော် ပူ​ဇော်ထားရှိရာ စွယ်​တော်စင်က ​ရောင်ခြည်​တော် ကွန့်မြူးတာကို မြင်​တွေ့ရပြီး ​ရေးဖွဲ့သီကျူး ပူ​ဇော်ထားတဲ့ သီချင်းလို့ ​ယေဘုယျအားဖြင့် ​ပြောလို့ရပါတယ်။



...ထူးမခြားနား၊ မီး​ရေစုံသား၊ ​ရောင်​တော်​ထွေဖြာ... အစချီထား​တော့ ဘုရားရှင်ဟာ ​မာန်မာန​တွေ အားပြိုင်​နေတဲ့ ​ဆွေ​တော်မျိုး​တော်​တွေကို ​ရေမီးအစုံနဲ့ ​ရောင်ခြည်​ခြောက်သွယ် လွှတ်လို့ ပထမဆုံး​သော တန်ခိုးပြဋိဟာ ပြ​တော်မူခြင်းကို ရည်ညွှန်းပြီး ​ရေးထားတာပါ။


သီချင်းခံ​ အမျိုးအစား​တွေကို ​လေ့လာကြည့်ရင် ဘုရားရှင်ရဲ့ ​ရောင်ခြည်​တော်ဘွဲ့၊ ရှင်ဘုရင်ရဲ့ ဘုန်း​တော်ဘွဲ့၊ မြို့ဘွဲ့၊ ရာသီဘွဲ့၊ ​တော​တောင်ဘွဲ့နဲ့ မယ်ဘွဲ့​မောင်ဘွဲ့ ​တွေအဖြစ် ​တွေ့ရပါတယ်။


သီချင်းခံ​​တွေမှာ ခု​ခေတ်လို သံစဥ်​တေးသွား copy ​တွေ ယူပြီး ​ရေးကြတဲ့ သီချင်း​တွေလဲ ​တွေ့ရပြန်ပါတယ်။ "ထူးမခြားနား" အလိုက်၊ "​ထောင်​ရောင်​နေကသာ" အလိုက်၊ "စုံသာမြိုင်လယ်" အလိုက် စသဖြင့် ​တွေ့ရပါတယ်။


သီချင်းခံထဲမှာ ဝိဝါဒ မူကွဲ​တွေနဲ့ ထူးထူးခြားခြား ဖြစ်​နေတဲ့ သီချင်းခံ တစ်ပုဒ် ရှိပါတယ်။ ခုထိလဲ အ​ဖြေမရတဲ့ အယူအဆ​တွေနဲ့ ပုဒ်စာတစ်ပုဒ်ပါ။ အဲဒီသီချင်းခံက​တော့ "ထူးမခြားနား" လို့ လူတိုင်းသိကြတဲ့ ​ရောင်ခြည်​တော်ဘွဲ့ သီချင်းပါဘဲ။


ထူးမခြားနား သီချင်းခံနဲ့ မူကွဲဝိဝါဒ အယူအဆများ -


ခု​ခေတ်မှာ​တော့ ဘာသာ​ရေး အခမ်းအနားများမှာ ထူးမခြား ​ရှေ့ ၃ ပိုဒ်​လောက်ကိုဘဲ ဆို​နေကြတာ ​တွေ့ရပါတယ်။ အဲဒီမှာ ​ပြောပြချင်တာက ​ရှေးက​တော့ ထူးမခြားနား မဆိုခင်မှာ ဦး​ကြွေ ​ရေးတဲ့ "နိဒါန်းမင်္ဂလာ" အစချီ လူးတား ကို ဆိုပြီးမှ ထူးမခြားနား ဆက်ဆို​လေ့ ရှိခဲ့ပါတယ်။ ​ခေတ်ကာလ အလိုအရ အချိန်ကို ငဲ့ညှာ ​ပြောင်းလဲသီဆိုလာကြတယ်ဘဲ ဆိုပါစို့။ 


ထူးမခြားနားမှာ စာသား​လေး​တွေ အနည်းငယ် မူကွဲတာ​တော့ မ​ပြော​တော့ပါဘူး။ ​ခေတ်အဆက်ဆက် နှုတ်တိုက် အာဂုံ​ဆောင်လာကြရတာကိုး။ 


​ပြောချင်တာက ဘယ်သူ​ရေးလဲ ဆိုတဲ့ ကိစ္စပါဘဲ၊ ဝိဝါဒ ကွဲလွဲစွာနဲ့ဘဲ ဒီ​လောက် ထင်ရှားတဲ့ သီချင်းတစ်ပုဒ်ဟာ မူလပိုင်ရှင် ​ပျောက်​နေရှာပါတယ်။ ခု​ခေတ် facebook လို ဆိုရရင်​တော့ credit နဲ့ဘဲ ​ကျေနပ်​နေရသလို​ပေါ့။ 


ကိုယ်တိုင်လဲ စိတ်ဝင်စားလို့ ကျမ်းအဆူဆူ၊ စာ အ​စောင်​စောင် ဖတ်ရှု ​လေ့လာကြည့်မိတယ်တဲ့အခါ ​အောက်ပါအတိုင်း ​လေ့လာ ​တွေ့ရှိရပါတယ်။


မဟာဂီတသစ် (သခင်ကိုယ်​တော်မှိုင်းတည်းဖြတ်၍ သူရိယ သတင်းစာတိုက်က ထုတ်​ဝေ) ​ဖော်ပြချက်-


"ထူးမခြားနားနှင့် ဇမ္ဗူကျွန်းလုံး သီချင်းခံကြီးတို့ကို ရန်ကုန်မြို့ အစိုးရဘာနဒ်ပိဋကတ်တိုက်ရှိ ကင်းဝန်မင်းကြီး ပုရပိုက်များ ဆူ​ရေနံပါတ် ၁၅၉၅ တွင် ​ရေးသူအမည်မပါ ​တွေ့ရပြီး၊ ဆူ​ရေနံပါတ် ၁၅၉၇ တွင် ထူးမခြားနား ကို ဦးလွန်း​ပြေ ​ရေးသည်ဟုလည်း​ကောင်း၊ ဆူ​ရေ ၁၅၈၇ တွင် စာဆိုမသိ ​ရှေးအလွန်ကျ​သောစာ​ဟောင်းကြီး ဟုလည်း​ကောင်း၊ အချို့​သော ​ပေမူနှင့် ပုံနှိပ်စာအုပ်များတွင် မြဝတီမင်းကြီးဦးစ ​ရေးသည်ဟုလည်း​ကောင်း ​သောင်း​ပြောင်း​ရောယှက် ခဲခက်စွာ ​တွေ့ရှိရ​သော်လည်း ၄င်းကင်းဝန်မင်းကြီး ပုရပိုက် ဆူ​ရေ ၁၅၈၇ တွင် ထူးမခြားနားကို မင်းနှင့်စပ်၍ဖြစ်​စေ၊ သူခပ်သိမ်းတို့နှင့် စပ်၍ဖြစ်​စေ၊ သဘင်ပွဲလမ်း ခင်းကျင်းကပြတီးမှုတ်သည့်အခါများမှာ ​ဘေးအန္တရာယ်ကင်းခြင်း၊ ဆုလာဘ်ပဏ္ဏာစ​သော ​ကောင်းကျိုးချမ်းသာ ​ရောက်ခြင်း စသည်ဖြင့် ​ပေးအံ့​သော အကျိုးများကို ​ရှေးရှုသဖြင့် အခြားသီချင်းများကို မတီးမမှုတ်မသီဆိုမီ ​ရှေးဦးစွာ တီးမှုတ်သီဆို​လေ့ရှိ​ကြောင်း၊ သည်ကဲ့သို့ သီဆိုတီးမှုတ်ခြင်းကိုလည်း ​နောက်သား​နောက်လူတို့မှတပါး ​ရှေးအတီးအမှုတ်ပညာသည် ဆရာကြီးတို့သည် အ​လေးပြု၍ တီးမှုတ်ကြ​ကြောင်းများနှင့်၊ ပဉ္စမသင်္ဂါယနာတင်မင်းတြားကြီး လက်ထက်​တော်တွင် ထင်ရှားရှိ​သေး​သော အသီးသီး​ ​လေ့ကျက်တီးမှုတ်ရင်း ပညာတွင် လွန်စွာလိမ္မာတတ်​မြောက်သူ အတွင်းအငြိမ့်​တော်အမှုထမ်း ​စောင်းဆရာကြီး ဦးဘူး​ခေါင်၊ မိ​ကျောင်းဆရာကြီး ဦးသင်း၊ စာ​ဟောဆရာကြီး ဦးမှုံ၊ ​ပြွေဆရာကြီး ဦးဝိုက်တို့က တညီတညွတ်တည်း ​ပြောဆို​နေကြသည့်ပြင်၊ မြဝတီဝန်ကြီးနှင့် နှီး​နှောဆက်ဆံ နည်းခံခဲ့သူ ​​မြောင်လှဝန်​ထောက်မင်း ​ပြောကြားဘူးသည်ဟု ဝက်မစွတ်ဝန်​ထောက်မင်းက ကင်းဝန်မင်းကြီးအား ​လျှောက်ထား​ကြောင်းနှင့် ​တွေ့ရှိရသည်။ ထို့အပြင် မြဝတီဝန်ကြီး အသက် ၂၅ နှစ်အရွယ်က စ၍ အသက် ၈၃ နှစ်တိုင်​အောင် ​ရေးသားသမျှ အရပ်ရပ်သီချင်းများကို မြဝတီဝန်ကြီးကိုယ်တိုင် စု​ဆောင်း ​ရေးမှတ်သည့် ​ပေစာ ၁၇ အင်္ဂါ​ကျော်တွင် ထူးမခြားနား သီချင်းခံ မပါမရှိ ဖြစ်ရကား ၄င်း ထူးမခြားနား သီချင်းခံကြီးသည် မုချအမှန် မြဝတီဝန်ကြီး မ​ရေး​ကြောင်း၊ အလွန်​ဟောင်းလျက် ​ရှေးကျလွန်း​သော သီချင်းဖြစ်​ကြောင်း" ​ဖော်ပြထားသည်ကို ​လေ့လာ ​တွေ့ရှိရပါသည်။ 

(ဆက်လက်​ရေးသားပါဦးမည်။)

#တင်လတ်ယု

No comments:

Post a Comment