Saturday, December 9, 2023

နတ်သျှင်​နောင်ရဲ့ ငယ်ချစ်ဦး (သို့မဟုတ်) "မပန်ရလဲ မပန်ချင်" စာဆိုရှင် ရ​ဝေရှင်​ထွေး (အပိုင်း- ၂)


နတ်ရှင်နောင်ရဲ့ အချစ်ဇာတ်လမ်းကို ပြောကြတဲ့အခါ ရာဇဓာတုကလျာရဲ့ အခန်းကဏ္ဍဟာ ဩဇာကြီးမားလှတာကြောင့် တခြားကိစ္စတွေဟာ မှေးမှိန်ပျောက်ကွယ်နေခဲ့ပါတယ်။ အင်းဝမှာ  ရှင်သံခို( ရှင်သံကိုယ်) ရဲ့ ကဗျာ ပြဿနာတက်တော့မှ နတ်ရှင်နောင်မှာ ငယ်စဥ်က ငါးဆူဒါယကာရဲ့ သမီးခင်ရွှေနှောင်းနဲ့ ချစ်ခဲ့ဖူး သလိုလိုကိစ္စ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရဝေရှင်ထွေးရဲ့ ကိုယ်ရေးကိုယ်တာ အန်ချင်း အပြည့်အစုံကို တွေ့ရှိလာရတဲ့အခါ နတ်ရှင်နောင်ရဲ့ ချစ်ရေးချစ်ရာနဲ့ ပတ်သက်ပြီး စဥ်းစားစရာတွေ များစွာရှိ လာခဲ့ပါတယ်။ ဒီအန်ချင်းကဗျာဟာ အရင်ကတိမ်မြှုပ်ပျောက်ကွယ်နေခဲ့ပြီး ၁၉၅၃ခုနှစ်မှာမှ မြန်မာနိုင်ငံသုတေသနအသင်းကြီးက မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ကျောက်ဆောက်ကျောင်းမှာ သီတင်းသုံးတဲ့ ဓမ္မစရိယ ဦးဝါသဝ ထံကရရှိတဲ့ ၁၁၃၅နှစ်ကူး ပေမူကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် အတွဲ ၃၆ အပိုင်း ၁ မှာ ပုံနှိပ်ဖော်ပြ လိုက်တဲ့အခါမှ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ ဒဂုဏ်ခင်ခင်လေးရဲ့ အမျိုးသမီး အနုပညာရှင်များ စာအုပ်မှာ ဆံထုံးထုံးနည်း ၅၅ မျိုး စာပိုဒ်အပါအဝင် ပိုဒ်ရေ ၈၅ ပိုဒ်ကို တစ်စုတစ်စည်း ဖော်ပြထားပါတယ်။ ပန်းရွှေပြည် စာအုပ်တိုက်က ကိုယ်ရွှေသိမ်းမင်း စုစည်းခင်းကျင်းတဲ့ ပန်းရွှေပြည် ရှေးကဗျာစုမှာတော့ ဆံထုံးထုံးနည်းပါတဲ့ ရှေ့နှစ်ပိုဒ်နဲ့ စာသားထပ်နေတဲ့ နှစ်ပိုဒ်ကို ဖယ်ပြီး ၈၁ ပိုဒ် ဖော်ပြထားတာ တွေ့ရပါတယ်။

နတ်သျှင်​နောင်ရဲ့ ငယ်ချစ်ဦး သို့မဟုတ် "မပန်ရလည်း မပန်ချင်" စာဆိုရှင် ရ​ဝေရှင်​ထွေး(အပိုင်း- ၁)

ဒီအ​ကြောင်း​ရေးဖို့ ဖြစ်လာတာက မနှစ်က ကခဲ့တဲ့ "အသက်ထက်မြတ်​သော ဂုဏ်သိက္ခာ" နတ်သျှင်​နောင်ဇာတ်ကြီးက စတယ်လို့ ဆိုရမှာပါဘဲ။ ဇာတ်လမ်းရဲ့ အဓိက ဦးတည်ချက်​တွေ ပျက်သွားမှာစိုးလို့ ရ​ဝေရှင်​ထွေး အ​ကြောင်းကို နှစ်ပါးသွားမှာဘဲ ပါးပါး​လေး ထည့်ကခဲ့ရတယ်။ လူအများစုက ငယ်ချစ်နဲ့ လွဲကြတာ များသလို ချစ်တိုင်းလဲ မညားကြသူ​တွေ ​လောကမှာ အများကြီးပါ။ အဲ့ဒီလူ​တွေထဲမှာ နတ်သျှင်​​နောင်နဲ့ ရ​ဝေရှင်​ထွေး တို့လဲ ပါဝင်ခဲ့ကြတာ​ပေါ့။


ဒီပြဿနာကို အစဖော်တာက ရှင်ထွေးလေးပါ။ ရှင်ထွေးလေး ဆိုတာကတော့ ရဝေရှင်ထွေးဖြစ်ပါတယ်။ ငယ်ရွယ်နုနယ်သူဖြစ်လို့ ရဝေရှင်ထွေးဆိုတာထက် ရှင်ထွေးလေး လို့ပဲ ခေါ်ချင်မိတယ်။ သူ့ရဲ့ကဗျာအကြောင်း စာလေးရေးမယ်လို့ စိတ်ကူးရလို့ သူ့ကဗျာကလေးတွေဖတ်တော့ သူဟာ နတ်ရှင်နောင်ကို တတမ်းတတနဲ့ ချစ်ခဲ့ရသူတစ်ယောက်ဆိုတာ အထင်းသား မြင်လာရတယ်။ သူ့ကဗျာတွေဖတ် သူ့ကိုသနားစိတ် ဝင်လာရာက ဒီပြဿနာ စတော့တာပါပဲ။