နတ်ရှင်နောင်ရဲ့ အချစ်ဇာတ်လမ်းကို ပြောကြတဲ့အခါ ရာဇဓာတုကလျာရဲ့ အခန်းကဏ္ဍဟာ ဩဇာကြီးမားလှတာကြောင့် တခြားကိစ္စတွေဟာ မှေးမှိန်ပျောက်ကွယ်နေခဲ့ပါတယ်။ အင်းဝမှာ ရှင်သံခို( ရှင်သံကိုယ်) ရဲ့ ကဗျာ ပြဿနာတက်တော့မှ နတ်ရှင်နောင်မှာ ငယ်စဥ်က ငါးဆူဒါယကာရဲ့ သမီးခင်ရွှေနှောင်းနဲ့ ချစ်ခဲ့ဖူး သလိုလိုကိစ္စ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ရဝေရှင်ထွေးရဲ့ ကိုယ်ရေးကိုယ်တာ အန်ချင်း အပြည့်အစုံကို တွေ့ရှိလာရတဲ့အခါ နတ်ရှင်နောင်ရဲ့ ချစ်ရေးချစ်ရာနဲ့ ပတ်သက်ပြီး စဥ်းစားစရာတွေ များစွာရှိ လာခဲ့ပါတယ်။ ဒီအန်ချင်းကဗျာဟာ အရင်ကတိမ်မြှုပ်ပျောက်ကွယ်နေခဲ့ပြီး ၁၉၅၃ခုနှစ်မှာမှ မြန်မာနိုင်ငံသုတေသနအသင်းကြီးက မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက် ကျောက်ဆောက်ကျောင်းမှာ သီတင်းသုံးတဲ့ ဓမ္မစရိယ ဦးဝါသဝ ထံကရရှိတဲ့ ၁၁၃၅နှစ်ကူး ပေမူကို မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ် အတွဲ ၃၆ အပိုင်း ၁ မှာ ပုံနှိပ်ဖော်ပြ လိုက်တဲ့အခါမှ လူသိများလာခဲ့တာ ဖြစ်ပါတယ်။ ဒဂုဏ်ခင်ခင်လေးရဲ့ အမျိုးသမီး အနုပညာရှင်များ စာအုပ်မှာ ဆံထုံးထုံးနည်း ၅၅ မျိုး စာပိုဒ်အပါအဝင် ပိုဒ်ရေ ၈၅ ပိုဒ်ကို တစ်စုတစ်စည်း ဖော်ပြထားပါတယ်။ ပန်းရွှေပြည် စာအုပ်တိုက်က ကိုယ်ရွှေသိမ်းမင်း စုစည်းခင်းကျင်းတဲ့ ပန်းရွှေပြည် ရှေးကဗျာစုမှာတော့ ဆံထုံးထုံးနည်းပါတဲ့ ရှေ့နှစ်ပိုဒ်နဲ့ စာသားထပ်နေတဲ့ နှစ်ပိုဒ်ကို ဖယ်ပြီး ၈၁ ပိုဒ် ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါ့အပြင် လက်ရာမြောက်တဲ့ ရဝေရှင်ထွေးရဲ့ ရတုကဗျာတွေရှိပေမဲ့ နတ်ရှင်နောင်နဲ့ ဆက်စပ် ဖော်ထုတ်တာမျိုးမရှိဘဲ ခပ်ဖုံးဖုံးဖိဖိထားခဲ့ကြပါတယ်။ ဒါဟာလဲ ရဝေရှင်ထွေးဟာ မင်းမျိုးမင်းနွယ်မဟုတ်တဲ့ ဘုရင့်ကိုယ်လုပ်တော် အညတရ တစ်ယောက် ဖြစ်တာကြောင့် နတ်ရှင်နောင်တို့ ဓာတုကလျာတို့ရဲ့ ဂုဏ်ပုဒ်တွေ ယုတ်လျော့သွားမှာ စိုးကြတဲ့အတွက် ဖြစ်ဟန်တူပါတယ်။
ရှင်ထွေးလေးရဲ့ ကိုယ်ရေးကိုယ်တာ အန်ချင်းကဗျာကို အခေါက်ခေါက် အခါခါဖတ်လေ "ဖော်ချင်းတို့လေ ဖော်ချင်းတို့" ဆိုပြီး မိန်းမဖော်အချင်းချင်း ရင်တွင်းခံစားချက်တွေကို ဖွင့်အန် ပြောပြနေတဲ့ ငယ်ရွယ်နုနယ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ သရုပ်ပေါ်လွင်လာလေ ဖြစ်ပါတယ်။ သူနန်းတွင်းမှာ ခစားဝင်ရောက်ရတဲ့ အရွယ်ဟာ အင်မတန်ငယ်ရွယ်နုနယ်တဲ့ ဆယ်နှစ်စွန်းစ အရွယ်ပါ။ လေခတ်လို့ သစ်ရွက်လှုပ်ရင်တောင် စိတ်ကစားတတ်တဲ့အရွယ်မို့ နန်းတွင်းမှာ ပျိုတိုင်းကြိုက်တဲ့ လူချောလူခန့် အိမ်ရှေ့မင်းကို မေတ္တာသက်ဝင်မိတာ အင်မတန် သဘာဝကျပါတယ်။ ဒါပေမဲ့ ဒီလိုငယ်ရွယ်တဲ့အချိန်ကတည်းက နန်းတွင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ခစားထမ်းရွက်ရတယ်ဆိုတာ မသိနိုင်ပါဘူး။ သမိုင်းမှတ်တမ်းအရတော့ ဘုရင့် ကိုယ်လုပ်တော်လို့ ဆိုတာ တွေ့ရပါတယ်။ ကိုယ်လုပ်တော်ဆိုတာ မင်းမိဖုရားအပါးခစားပြီး အလုပ်အကျွေးပြုရတဲ့သူနဲ့ ဘုရင့်မယားငယ်ဆိုတာမျိုး နှစ်မျိုးရှိနိုင်ပါတယ်။ မြန်မာအဘိဓာန်မှာလဲ "ကိုယ်လုပ်တော်" ဆိုတဲ့ဝေါဟာရကို "၁၊ မင်းမိဖုရားတို့အပါး ခစား၍ အလုပ်အကျွေးပြုရသော မိန်းမ။ ၂၊ ရှင်ဘုရင်၏ မယားအငယ်" (စာ ၂၁) ဆိုပြီးအဓိပ္ပာယ် နှစ်မျိုး ဖွင့်ဆိုပြပါတယ်။
ရဝေရှင်ထွေးဟာ နန်တွင်းမှာ ဘယ်လိုခစားနေထိုင်ရတယ်ဆိုတာ အတိမကျမပြောနိုင်ပေမဲ့ သူ့ရဲ့ အန်ချင်းကဗျာအရတော့ တောင်နန်းစံ မိဖုရားခေါင်ကြီးထံမှာ ခစား အလုပ်အကျွေးပြု ရဟန်တူပါတယ်။ သူ့အန်ချင်းကဗျာမှာ -
"တောင်ညာနန်းနေ၊ ခေါင်ထွတ်ဗွေတင်
ထိုသခင်ဝယ်၊ ထိပ်ပြင်လက်အုပ်
ကိုယ်လုပ်တော်ရင်း" (စာ ၃၀၇) ၊
"နတ်ရှင်သမီး၊ ဘုန်းကြီးစံခန်း
တောင်ညာနန်းမှာ၊ နေမှန်းသည်ခါ
မသိသာခဲ့" (စာ ၃၀၉)
"ရှစ်သောင်းအဖျား၊ တောင်ညာထားကို၊ သနားစိမ့်မည်၊ မယ်ဆက်သည်တုံ" (စာ ၃၁၁)
လို့ ဖွဲ့ဆိုခဲ့တာတွေကို ထောက်ရင် ရှင်ထွေးလေးဟာ တောင်နန်းစံ မိဖုရားခေါင်ကြီးရဲ့ ကိုယ်လုပ်တော်အဖြစ် ခစား ထမ်းရွက်ရတယ်ဆိုတာ သိနိုင်တယ်။
ဒါ့အပြင် -
"အမတ်ကြီး၏၊ သမီးနှောင်းမွေး၊
ငြိမ်ဆေးလေးသား၊ ရှင်ထွေးအလှ
ချောမြမြလျှင်၊ နရသခင်
အိမ်ရှေ့ရှင်နှင့်၊ ရှိပြင်သက်ထား
ရှစ်သောင်းဖျားဝယ်
ခစားမြဲစ ရှာ၏လေ" (စာ ၃၀၈)
လို့ ဆိုထားတဲ့အတွက် အိမ်ရှေ့မင်းထံလဲ တစ်ခါတစ်ရံ ခစားထမ်းရွက်ရဟန်ရှိပါတယ်။
ရှင်ထွေးလေး အန်ချင်းဖွဲ့ဆိုတဲ့အရွယ်ဟာ ဆယ်နှစ်စွန်းစ အင်မတန်မှ ငယ်ရွယ်နုနယ်ပါသေးတယ်။ ရှင်ထွေးလေးဟာ သူအန်ချင်းဖွဲ့ဆိုတဲ့အရွယ်ကို -
"အန်ချင်းဆိုစ၊ ဆယ်နှစ်ကလျှင်
မြမြတင့်နေ၊ စုလည်းခွေဝယ်
စရွှေရောဟန်၊ နီဖလံကို
တတ်ကြံမွေ့သိမ်၊ ပန်းထိမ်လုပ်သည်
ပရိတ်ချည်နှင့်၊ လိမ်လည်ကွေးမျှ
ငြိမ့်လေးပြင်ကောင်း၊ သခင်နှောင်းသည်
သွယ်ပျောင်းနွဲ့စ ရှာ၏လေ" (စာ၃၂၅)၊
"ဆယ်နှစ်အဝင်၊ လူ့ကိုယ်ပြင်နှင့်
ရုပ်သွင်နတ်လျော၊ မြေ့ချောအသရေ
ရဝေရှင်ထွေး၊ ကြေညာမွှေးသည်
ငြိမ့်လေးဖွဲ့သည့်၊ အန်ချင်းတည့်လေ" (စာ ၃၂၆)
လို့ ဖွဲ့ဆို ပြခဲ့ပါတယ်။
ရှင်ထွေးလေးဟာ သူရဲ့အန်ချင်းမှာ နတ်ရှင်နောင်ရဲ့ သွင်ပြင်ဆင်းဝါ ရုပ်ရည်ရူပကာကို တမြတ်တနိုး ရေးဖွဲ့ခဲ့ပါတယ်။
"ကြာခြည်ပုဆိုး၊ တိမ်မီးခိုးသို့
တင့်နိုးအကျော်၊ အင်္ကျီတော်လည်း
ရွှေလှော်ဆင်းဝါ၊ ကတ္တီပါတည့်
နှိုင်းရာမပြား၊ မြပတ်ခါးကို
များများမဖော်၊ တစ်ခြမ်းပေါ်နှင့်
ဗောင်းတော်စိန်ပန်း၊ မျှို့လွန်ထွန်းမျှ
ကြိုင်မွှန်းပျံ့လှောင်း၊ မွှေးနံ့ပေါင်းချည်း
ပန်းသည်းမဉ္ဇူ၊ ပန်တော်မူ၍
ဇမ္ဗူကျွန်းရှင်၊ မယ့်သက်တင်" (စာ၃၁၂-၃၁၃)
"အိုဘဲ့မင်းသား၊ မြဘက်ခါးနှင့်
သျှောင်ကြားတော်တွင်
ဆံကျင်ပြည်ထိ၊ ဘက်မရှိတည့်
ကာသိခေါမ၊ ကောဋုမ္ပမှ
ကျသည်ပုဆိုး၊ မင်းဝတ်ရိုးလည်း
ကဲမိုးတုလွတ်၊ ဖိုးသိန်းခတ်နှင့်
ဘယ်နတ်ပေဟု" (စာ၃၁၃-၃၁၄)
"ဇာနည်မာတင်၊ စီးတော်ဆင်ထက်
ရွှေစင်လှော်သစ်၊ ဇမ္ဗူရစ်တိ
မျက်နစ်ရတနာ၊ မင်းတန်ဆာနှင့်
ခါးမှာလျလျ၊ ရင်ဝကားကား
ကျောသားလုံးလုံး၊ လက်ရုံးထွန်းပေါ်
ကိုယ်တော်ကျိုင်းကျိုင်း၊ တစ်ပိုင်းမြမြ
ဆင်းရူပမူ" (စာ၃၁၅)
စတဲ့ ဖွဲ့ဆိုထားတာတွေကိုကြည့်မယ်ဆိုရင် သူဟာ အိမ်ရှေ့မင်းသားလေးအပေါ်မှာ ဘယ်လောက် အမြတ်တနိုးရှိတယ်ဆိုတာ သိနိုင်ပါတယ်။
နတ်ရှင်နောင်ဟာ အားလပ်တဲ့အခါ ညီတော်တွေနဲ့ ဂူလီကစားလေ့ ရှိပါတယ်။ ဂူလီကစားတယ်ဆိုတာ မြင်းစီးပြီး သစ်သားလုံးကို တစ်ဖက်နဲ့ တစ်ဖက် တုတ်နဲ့ ရိုက်ကစားတဲ့ ကစားနည်းတစ်မျိုးပါ။ ဒီအကြောင်းကို နတ်ရှင်နောင်ရဲ့ ကဗျာတွေမှာ တွေ့နိုင်ပါတယ်။ သူတို့ ညီအစ်ကိုတွေ နန်းရှေ့မှာ ဂူလီကစားနေတာကို အပျိုတော်တွေက နန်းထဲကနေ ချောင်းမောင်း မြော်ငေးကြည့်ခဲ့ကြမှာ မလွဲပါဘူး။ ဒါကို ရှင်ထွေးလေးက-
"ဂူလီသဘင်၊ နန်းရှေ့တွင်၌
ကစားကြိုက်တည့်
ပြိုင်ထိုက်မထင်၊ ရိပ်ကာမြင်က
သခင်ကြီးအောက်၊ စံမြောက်ရုပ်သွင်
သခင်လတ်နှောင်း၊ ရောင်ကောင်းဆင်းဝါ
မျိုးတော်သာကို၊ မျှော်သာစွလေ" (စာ၃၁၈)
လို့ ဖွဲ့ဆိုခဲ့ပါတယ်။
အိမ်ရှေ့မင်းဟာ ရှင်ထွေးလေးရှိရာကို မကြာမကြာ ရောက်လာဟန်တူပါတယ်။ ဒါကို ရှင်ထွေးလေးက -
"ယနေ့တဆက်၊ ယမန်ရက်တွင်
သန်လျက်ကိုင်ကာ၊ မယ်သို့လာသည်
မင်းလျာမြရည်၊ ဆည်းခဲ့သည်ကား" ( စာ ၃၁၂) ၊
"ယွန်းချွန်စက်သွား၊ မိုးကြိုးဓားကို
နံပါးမြှောင်ကာ၊ မယ်သို့လာသည်
မင်းလျာ ကျွန့်သခင်တည့်လေ" (စာ၃၂၃)၊
"သန်လျက်ရပြီး၊ မြင်းယဥ်စီး၍
စောထီးမင်းလျာ၊ ကျွန်ုပ်မှာသို့
ဆိုက်လှာသောလေ
ဖော်ချင်းတို့လေ ဖော်ချင်းတို့။ ။" (စာ ၃၂၄)
ရယ်လို့ သူရဲ့ ဖော်ချင်းတွေကို ပြောပြခဲ့ပါတယ်။
ရှင်ထွေးလေးဟာ အိမ်ရှေ့မင်း ရောက်လာတဲ့အခါ စားစရာ သောက်စရာတွေနဲ့ ခင်းကျင်း ဧည့်ခံကျွေးမွေးရဟန်ရှိပါတယ်။
"ရသေးထမင်း၊ ဆိမ့်ချိုဟင်းလည်း
စုံသင်းပျံ့လှောင်း၊ မပေါင်းကျစ်ကြော်
ဆီပေါ်နေလှပ်၊ ယိုသနပ်နှင့်
နှစ်ထပ်မလှုံ့၊ မသိုးမုန့်က
စသည်တစ်ထွေ၊ ကရေကရာ
သကာအုန်းသီး၊ လုပ်ပြီးမှသာ
မကြီးအတန်၊ ကြွေပန်းကန်ဝယ်
ဆိမ့် ဖန် စပ်ရှား၊ ချိုပျားအရသာ
ကောင်းရာရာကို
ရွှေဝါညံ့သက်၊ သန္တာလက်နှင့်
စားဖက်မခေါ်၊ မျိုးနှောင်းမြော်သည်
စားတော်စားစ ရှာ၏လေ" (စာ ၃၁၆)၊
"ရဲထွတ်စံတင်၊ ဆဒ္ဒန်ရှင်ကို
နှောင်းမြင်ငြိမ့်လေး၊ စားတော်ကျွေးသည်
ချစ်ရေးအရ ယူသည့်လေ" (စာ ၃၂၉)
လို့ ဖွဲ့ဆိုခဲ့ပါတယ်။ ဒီလို ဧည့်ခံကျွေးမွေးရင်း ချစ်ချင်းမေတ္တာတွေဟာ နှစ်ဦးသားကြားမှာ စိမ့်ဝင်ခဲ့ကြဟန် တူပါတယ်။
သူတို့နှစ်ဦးကြားမှာ အပြန်အလှန် မေတ္တာ တုံ့လှယ် အဆက်အသွယ် ရှိခဲ့တယ်ဆိုတာကိုလဲ ရှင်ထွေးလေးက ဒီလို ပြောပြတယ်။
"တစ်မည်မပြား၊ ကျေးမြလားကို၊ သနားချစ်အောင်၊ ပျားလက်ဆောင်နှင့်၊ စာစောင်ရွှေပေ၊ မယ်သို့စေသည်"(စာ ၃၁၉)
လို့ ကျေးသားလေးစေလွှတ်ပြီးစာပို့တာ၊
"မယ့်ကိုသနား၊ ဖူးချင်ငြား၍
တရားကျော်ထင်၊ မယ့်သခင်သည်
သဘင်ညပွဲ၊ ဗြတိုက်ဗြဲက
နက်နဲခြင်းရာ၊ မိန့်တော်စာကို
ပေးလာသတတ်" (စာ ၃၁၇)
လို့ တွေ့ချင်တဲ့အကြောင်း စာတော်ပါးပြီး အကြောင်းကြားတာ၊
"ပန်းပွင့်မွေ့ရာ၊ ကြီးမြင့်စွာတက်
မယ်သာလည်းဟု၊ မိတည်းနှောင်တော်
နောင်သော်ပွင့်လျာ၊ လျင်ဆောလာ၍
ပို့လှာသောလေ" (စာ ၃၂၄-၃၂၅)
ဆိုပြီး လက်ဆောင်တွေ ပို့လာတာတွေကို ရှင်ထွေးလေးက ပြောပြခဲ့ပါတယ်။
ရဝေရှင်ထွေးဟာ အန်ချင်းဖွဲ့ဆိုတဲ့အခါ သူဟာ အမတ်ကြီးရဲ့ သမီးအငယ်ဆုံးဖြစ်လို့ အမည်ရင်း ရှင်ထွေးလို့ ပြောလိုက်၊ ရှင်နှောင်းလို့ ပြောလိုက်နဲ့ "ထွေး" နဲ့ "နှောင်း" ကို အလဲအလှယ်နဲ့ ဖွဲ့ဆိုခဲ့ပါတယ်။ "ရှင်နှောင်း" ဆိုတာ နန်းတွင်းစာဆိုတော်တွေ အတုယူ လေးစားရတဲ့ နဝဒေးကြီးရဲ့ချစ်သူ နဝဒေးကြီးရဲ့ ရတုကဗျာတွေမှာ မကြာမကြာတွေ့ရတဲ့ နာမည်ကလေးပါ။ ဒီနာမည်ကလေးကို စာကဗျာမှာ ဝါသနာတူတဲ့ နတ်ရှင်နောင်နဲ့ ရှင်ထွေးလေးတို့ နှစ်ဦးစလုံးသဘောကျပြီး သူတို့ နှစ်ဦးကြားမှာရှင်ထွေးလေး ကို ကိုယ်စားပြုတဲ့ အမှတ်သညာပေလားလို့ စဥ်းစားစရာ ဖြစ်ပါတယ်။ ရှင်ထွေးလေးဟာ သူ့အန်ချင်းထဲမှာ-
"သမီးနှောင်းမြော်၊ ရှင်ပျော်စလှ
ရှင်ထွေးမြကို၊ ပြပါလေလော" (စာ ၃၁၅)၊
"စာဖက်မခေါ်၊ မျိုးနှောင်းမြော်သည်၊
စားတော်စားစ ရှာ၏လေ" (စာ ၃၁၆)၊
"ရင်တွင်းနှောင်းမွေး၊ သမီးထွေးက
တင်မေးခြင်းရာ၊ လျှောက်ရလှာဟု" (စာ ၃၂၀)၊
"နှောင်းမြင်မယ့်ကို၊ နှုတ်သံချိုနှင့်
ဆိုပါသည်လေ" (စာ ၃၂၄)၊
"နှောင်းမြင်ငြိမ့်လေး၊ စားတော်ကျွေးသည်" (စာ၃၂၉)၊
" အမတ်ကြီး၏ သမီးသက်တွင်၊ မြတ်နှောင်းမြင်လျှင်" (စာ၃၃၃)
စသဖြင့် ရေးဖွဲ့ခဲ့ပါတယ်။
"မင်းလျာရယ်ညောင်း၊ နန်းပွင့်လောင်းသည်
ရှင်နှောင်းစံရာ၊ ဖူးအံလာသော်
ရာဇာများရှင်၊ မရောက်ခင်၌
မယ့်ရင်တော်မှာ၊ ခါသာပိတ်တွန့်
ရွန့်ရွန့်ဖြူဆွတ်၊ ပေါ်ရုံကွပ်၍
ရယ်ဖတ်မောစ ရှာ၏လေ" (စာ ၃၂၁)
ဒီအပိုဒ်မှာတော့ ရှင်နှောင်းလို့ ဖော်ပြထားတဲ့အတွက် အများက ငါးဆူဒါယကာရဲ့ သမီး ရှင်နှောင်းကို ဆိုလိုတာလို့ ယူဆခဲ့ကြပါတယ်။ ဒီနေရာမှာ တွေးစရာကတော့ ရှင်ထွေးလေးဟာ 'ရှင်နှောင်း' ဆိုတာ သူ့ကိုယ်သူ ရည်ညွှန်းတာ မဖြစ်နိုင်ဘူးလား ဆိုတာပါပဲ။
နတ်ရှင်နောင်ကလဲ သူ့ရဲ့ "ဖန်စကြာလျှင်"ချီနွေရာသီမယ်ဘွဲ့ရတု ဒုတိယပိုဒ်မှာ-
"ချန်ရက်ကြာတင်၊ ရှေးနှယ်ပင်တည့်
ပြာစင်ရွှေလှော်၊ ထွေးနှောင်းမြော်လျှင်" (စာ ၂၄)
ဆိုပြီး 'ထွေး' နဲ့ 'နှောင်း' ကို တွဲဖွဲ့ခဲ့ဖူးပါတယ်။
ဒါ့အပြင် ရှင်နှောင်းလေးဟာ-
"နှစ်မည်ထွတ်ခေါင်၊ မြတ်ညီနောင်သို့
ရည်ဆောင်ပျော်ပါး၊ ရှိခိုးသွားသော
ဖူးရားမွှေးထုံ၊ နဝဂုဏ်တိ
မျက်စုံရတနာ၊ မယ့်ဝယ်ပါသည်
ရောင်ဝါလှတင့်၊ ပန်းကိုးဆင့်ကို
ဘုန်းရင့်မြတ်လောင်း၊ လိုက်လှာတောင်း၍
ရှင်နှောင်းမြမြ၊ ရှင်ထွေးလှသည်
ဝေငှပေးစ ရှာ၏လေ" (စာ ၃၂၃)
ဆိုတဲ့အပိုဒ်မှာ 'ရှင်နှောင်း' နဲ့ 'ရှင်ထွေး' တစ်တွဲတည်း ဖွဲ့ဆိုလိုက်ပြီး သူ့အန်ချင်းထဲက 'ရှင်နှောင်း'ဟာ 'ရှင်ထွေး'ပါပဲလို့ ပြောပြလိုက် ပါတယ်။ ဒီစာပိုဒ်နဲ့ပတ်သက်ပြီး အမျိုးသမီးစာဆိုလောကနှင့် ဘဝကြေးမုံ စာအုပ်ကို ပြုစုခဲ့တဲ့ ဆရာမကြီး ဒေါ်မိမိလေးက-
"ရှင်ထွေးသည် မြတ်စောညီနောင်ဘုရားသို့ ဖူးမြော်ရန် ပန်းမန်များယူဆောင်၍ သွားသကာလ နတ်ရှင်နောင်လိုက်လာသည်နှင့် အသင့်တွေ့ကြုံသည်။ ထိုအခါတွင် နတ်ရှင်နောင်သည် ရှင်ထွေးလက်ဝယ်ပါလာသည့် ပန်းကိုပင် ဘုရားပူဇော်ရန်ဝေငှခိုင်း၍ ရှင်ထွေးက ဝေငှ ပေးရဟန်တူသည်။"(စာ ၁၄၄) လို့ သုံးသပ်ပြထားပါတယ်။
နတ်ရှင်နောင်အပေါ်မှာ ရှင်ထွေးလေးကသာ တစ်ဖက်သတ် ဖြစ်ခဲ့တာလား ဆိုတာကိုတော့ ရှင်ထွေးလေးက အိမ်ရှေ့မင်းဟာသူ့ရည်းစား ပါ ဆိုပြီး -
"တို့ရည်းစားလျှင်၊ ယောက်ျားပီလှ
စကြာရသို့၊ တင့်လှအခေါင်" (စာ ၃၂၇) လို့ ခပ်ကြွားကြွားလေး ပြောပါတယ်။
တကယ်မှာလဲ ရှင်ထွေးလေးဟာ အိမ်ရှေ့စံရဲ့ ချစ်မေတ္တာကို ရရှိခဲ့ဟန်တူပါတယ်။ ဒါကို ဝေဘူလတောင်က မဏိဇောတရတနာကို ရရှိတာနဲ့ တင်စားပြီး-
"ဝေဘူလမှ၊ ဇောတရတနာ
ပျံကျလှာ၍၊ ကောက်ပါသည်လေ" (စာ ၃၃၂)
လို့ ရေးဖွဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ရဲ့အချစ်ကို ဝေဇယန္တာနတ်ပြည်က သုဇိတာနတ်သမီးလို ဂုဏ်မြင့်သူတွေက လုယူသွားမှာကို စိုးရွံ့မိကြောင်းကိုလဲ -
"ကိုယ်နှင့်မတန်၊ ငါနှင့်ရန်ဟု
ဝေယန်နန်းမှာ၊ သုဇိတာက
ယူလှာလမည်၊ မယ်စိုးသည်လေ" ( စာ ၃၃၂)
လို့ ဖွဲ့ဆိုထားပြန်ပါတယ်။ မိန်မငယ်လေး တစ်ယောက်ဖြစ်တဲ့ ရှင်ထွေးလေးရဲ့ ရင်ထဲမှာ စိတ်ကြီးဝင်လိုက် အားငယ်စိတ်ဝင်လိုက်နဲ့ မငြိမ်မသက်ဖြစ်နေရှာပါတယ်။
ဒီထက်ပိုတဲ့ စိုးရိမ်ကြောင့်ကြစိတ်ဟာလဲ သူ့ရင်တွင်းမှာ ကိန်းအောင်းနေခဲ့ပါတယ်။ နတ်ရှင်နောင်အိမ်ရှေ့မင်းနဲ့ချစ်ကြိုက်နေတာကို တောင်ညာစံဖြစ်လာမဲ့ နန်းတွင်းသူအချို့ကပါ ရိပ်မိနေတဲ့အတွက် ကြောက်ရွံ့ကြောင်းကို-
"နန်းမလျာထား၊ ရှစ်သောင်းဖျားလျှင်
ဖန်များမေးမြူ၊ ရိပ်တော်မူ၍
မယ်ကြောက်သည်လေ" (စာ ၃၁၁)
လို့ရေးဖွဲ့ထားပါတယ်။
မိမိရဲ့ အရှင်သခင် နှစ်ပါးဖြစ်တဲ့ မင်းနဲ့ မိဖုရားကြီး သိရှိသွားရင်လဲ အပြစ်ဖြစ်မဲ့အရေး ကြောက်မိတာကို-
"ရေမြေ့သခင်၊ နတ်ရှင်နှစ်ပါး
လူ့ထွတ်ဖျားလျှင်
'ငါ့သားနှင့်ကျွန်၊ မထိုက်တန်ဟု
ရံဖန်မေးမြှူ၊ ရိပ်တော်မူမည်
မယ်ကြောက်သည်လေ"(စာ ၃၂၈)
လို့ စိုးရွံ့စွာ ရေးဖွဲ့ခဲ့ပါတယ်။
ဒါ့အပြင် အိမ်ရှေ့မင်းသားလေးရဲ့အချစ်ကိုလက်ခံမိလိုက်လို့ လူသိရှင်ကြားဖြစ်သွားရင် ရာဇဒဏ်သင့်ပြီး ဖမ်းဆီးခံရမှာကို ကြောက်လှပါတယ် ဆိုတာကို -
"အရှေ့ပြုဗ္ဗာ၊ တောင်ထွတ်ချာက
ရတနာဇောတ၊ ပျံလှာကျသည်
ကောက်ရမည်လည်း
ရွှေပြည့်သခင်၊ ဘုရင်မျာ့းမင်း
မှန်ကင်းထားပြီး၊ ထွတ်ဘုန်းကြီးက
ဖမ်းဆီးလမည်၊ မယ်ကြောက်သည်လေ" (စာ ၃၃၅-၃၃၆) လို့လဲ ကြောက်ရွံ့စွာ ဖွင့်ဟပြခဲ့ပါတယ်။
ဒါကြောင့်လဲ သူတို့နှစ်ဦးရဲ့ ချစ်မေတ္တာဟာ ရှေ့မတိုးသာတော့ဘဲ တိတ်တခိုးသာ ချစ်ခဲ့ကြရဟန်တူပါတယ်။ သူ့ဘက်ကိုယ့်ဘက် စောင့်ထိန်းရမဲ့အဖြစ်တွေကြောင့် လူမသိသူမသိ တိတ်တခိုး အချစ်နဲ့သာ နေခဲ့ကြရဟန်တူပါတယ်။ နတ်ရှင်နောင်ရဲ့ မောင်ဘွဲ့ရတုတွေမှာလဲ ချစ်သူမယ်လေးရဲ့ ချစ်စကားမဆိုဝံ့ပုံကို ဖွဲ့ဆိုထားတာ တွေလဲ တွေ့ရပါတယ်။
"ထစ်မည်လိုမူ" ချီ မိုးတောမောင်ဘွဲ့ရတု ဒုတိယပိုဒ်မှာ -
"ချစ်သည်ကိုမူ၊ မည်ဆိုထုတ်ပွက်
မဟ ရက်တည့်၊ ဖျောက်လျက်ဆည်ငြိမ်
ဖြေချုပ်ထိမ်လည်း" (စာ ၄၆)၊
မည်းမျှဆင်သည် ချီ မိုးတော မောင်ဘွဲ့ရတု တတိယပိုဒ်မှာ -
"နည်းမှကြင်သည်၊ များလျှင်ချစ်တည်
မကျမည်ကြောင့်၊ လွမ်းသည်ဝိုးဝါး
စကားမလွင့်၊ နေစတင့်ရှင့်" (စာ ၅၅)
ဆိုပြီးတွေ့ရပါတယ်။ သူတို့ နှစ်ဦးဟာ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ချစ်ခဲ့ကြတာမျိုးမဟုတ်ဘဲ တိုးတိုးတိတ်တိတ် ကျိတ်ပြီးချစ်ခဲ့ကြတာလား ဆိုတာ စဥ်းစာစရာဖြစ်ပါတယ်။ စစ်ထွက်သွားတဲ့အခါမှ မေတ္တာသက်ဝင်သူကလေးကို လွမ်းဆွတ်တသစိတ်နဲ့ စာကဗျာတွေ ရေးဖွဲ့ခဲ့ရဟန်တူပါတယ်။
ချစ်ပြီးတဲ့နောက်မှာတော့ လွမ်းဆွတ်တသ ခံစားရမှာ ဓမ္မတာပဲ ဖြစ်ပါတယ်။
အိမ်ရှေ့မင်းကို လွမ်းဆွတ်နေရပုံကို -
"ဇမ္ဗူကျွန်းရှင်၊ မယ့်သက်တင်ကြောင့်
ထိပ်ပြင်လက်ရှိ၊ လွမ်းသည့်ရက်ကို
လျှောက်မြွက်ရေစ ရှာ၏လေ" (စာ ၃၁၃)
လို့ သူ့ရဲ့ အန်ချင်းမှာ ဖွဲ့ဆိုခဲ့ပါတယ်။
ရှင်ထွေးလေးရဲ့ သောကဝေဒနာတွေကိုတော့ သူ့ရဲ့ ရတုတွေမှာ ပိုပြီး ပေါ်လွင်ထင်ရှားစွာ တွေ့ရတာ ဖြစ်ပါတယ်။ ရှင်ထွေးလေးရဲ့ ရတုလက်ရာဟာ ပိုပြီးပြောင်မြောက်ကောင်းမွန်တာကြောင့် နောက်ပိုင်းမှရေးတာလားလို့ ယူဆရပါတယ်။ အန်ချင်ရေးစကာလမှာ ငယ်ရွယ်နုနယ်လွန်းတဲ့ ချစ်စကြင်စမှာဖြစ်ပြီး ရတုရေးချိန်မှာတော့ အတန်ငယ် ရင့်ကျက်လာပြီး မဖြစ်နိုင်တဲ့ အချစ်ဝေဒနာကို ပူလောင်ပြင်းပြစွာ ခံစားလာရချိန် ဖြစ်ဟန်တူပါတယ်။
ရှင်ထွေးလေးရဲ့ "လေဝန်းကဆင်" ချီရတု ပထမပိုဒ်မှာ - "လောကတန်ဆောင်၊ ရဲထွတ်ခေါင်ကြောင့်
တမ်းယောင်ဆိုကာ၊ ဖြေမသာသည်
ဗျာပါဝှန်စည် ပွားတော့သည်" (စာ ၈၇၁)၊
"ဝမ်းနည်းမပြေ" ချီ ရတု ပထမပိုဒ်မှာ -
"ဝမ်းနည်းမပြေ၊ မွေ့ရာရွှေထက်
ကြာခွေသောတူ၊ မယ့်လွမ်းမူကို
ကြင်သူသက်ဝေ၊ မသိလေတည့်" (စာ၈၇၄)၊
ဒီရတုရဲ့ ဒုတိယပိုဒ်မှာ -
"မရွှင်တမ်းစက်၊ အုံ့ပြက်မနည်း
အလွမ်းသည်းအောင်၊ ဆည်းဘိသည်လော
မရောလင်းဝါ၊ လျှပ်စစ်ပါ၍
ဖြာတော့သည်လည်း တိမ်ညွန့်ဖျား။ (စာ ၈၇၄)
ဒီရတု တတိယပိုဒ်မှာ -
"လှပ်လှပ်နွဲ့ရှာ၊ မဉ္ဇူကြာသို့
ဗျာပါထပ်ပွား၊ လွမ်းခြင်းများကို
ထားရစေတော့၊ လျော့ကြီးလျော့မှ
ရွှေလှော့်အသွင်
ရာတင်ဆယ်ပြန်၊ မယုတ်လွန်သို့
စေကျွန်မလာ၊ နှုတ်ဆင့်မှာ၍
ကြာတော့သည်လည်း မောင့်စကား။" (စာ ၈၇၄)
စတဲ့ သူရဲ့ ဝေဒနာ ခံစားချက်တွေကို တွေ့လာရပါတယ်။
နတ်ရှင်နောင်ကလဲ ချစ်သူမိန်းကလေးရဲ့ အဖြစ်ကို တွေးတောမိနေခဲ့ပါတယ်။ ဒါကြောင့်လဲ "တစ်ဆယ်နှစ်ခွင်"ချီ မိုးတော မယ်ဘွဲ့ ရတုမှာ-
"ရွေမျာ့းအလယ်၊ သနားဖွယ်လျှင်
ဆွေမယ်ယဥ်မြေ့၊ အောက်မေ့ရေးရေး
ကြံတွေးတွက်ဆ၊ ပျောင်းပျမူးမော်
ဖော်သားချင်းနှင့်၊ လွမ်းတင်းစကား
နောင်ကြောင်းလျားကို၊ ဖန်များဆိုတုံ့
တလှုံ့လှုံ့တည့်" (စာ၃၅) လို့ဖွဲ့ဆိုခဲ့ပါသေးတယ်။
နောက်ပိုင်းမှာတော့ နတ်ရှင်နောင်ဟာ ပျော်ဖော်ပျော်ဖက် တွေ့သွားခဲ့ဟန်တူပါတယ်။ဒါကြောင့် ရှင်ထွေးလေးဟာ "မရှက်ပါလေ" ချီ ရတုမှာ -
"သူ့မှာပျော်ဖက်၊ ရှိပေလျက်ကို
မယ့်သက်လုံးခြုံ၊ ကြင်ဘိတုံလည်း
လူ့ဘုံနောင်စစ်၊ တင်မည်ဖြစ်ကြောင့်" (စာ ၈၇၃)
လို့ပြောခဲ့ပြီး -
"တတ်စုံသိပ္ပ၊ နောင်ကျိုင်းမြလျှင်
သီလသပ်ရုံး၊ သီတင်းသုံး၍
ဖြောင့်ဆုံးပြစွာ၊ နေလှည့်ရာကို
သစ္စာမြင့်မိုရ်၊ ကျိန်မည်ကိုလည်း
မဆိုလတ်တုံ၊ ဆိုလတ်တုံလျှင်
မယုံသာချေ" (စာ ၈၇၃)
သီတင်း သီလဆောက်တည်ပြီး မဆိုဝံ့ဝံ့ ဆိုဝံ့ဝံ့နဲ့ ကျိန်မယ်ဆိုရင်တောင် မယုံတော့ပါဘူး လို့ ဖွင့်ဟခဲ့ရှာပါတယ်။
အဲဒီနောက်မှာတော့ ရှင်ထွေးလေးလဲ အင်းဝရောက်၊ မကြာခင်မှာပဲ နတ်ရှင်နောင်လဲ ငဇင်ကာနဲ့အရှုပ်တော်ပုံကြောင့် သန်လျင်မှာ ဘဝနေဝင်ချိန် ရောက်ခဲ့ရပါတယ်။
နတ်ရှင်နောင်နဲ့ ရဝေရှင်ထွေးတို့ရဲ့ ချစ်ရေးချစ်ရာကို ဘယ်သူကမှ မှတ်တမ်းတင်ခဲ့ကြတာ မဟုတ်ဘဲ သူတို့ရဲ့ စာ ကဗျာတွေထဲကသာ ထပ်ဆင့် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရဝေရှင်ထွေးရဲ့ ကိုယ်ရေးကိုယ်တာ အန်ချင်းကဗျာ ပေါ်ထွက်လာပြီးတဲ့နောက်မှာ သူတို့နှစ်ဦးရဲ့ နှလုံးသားရေးရာဟာ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ ဒီအန်ချင်းဟာ နန်းတွင်းမှာ ပေါ်ပေါ်ထင်ထင် ထုတ်ဖော်သီဆိုခဲ့တဲ့ စာ မဟုတ်တန်ရာဘဲ ရှင်ထွေးလေးဟာ နန်းတွင်းအပျိုတော်တွေအကြားမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်ကို သိုသိုသိပ်သိပ် ဖွင့်ဟဖော်ပြခဲ့တဲ့ ကိုယ်ရေးကိုယ်တာ စာတစ်ပုဒ် ဖြစ်ခဲ့ဟန် တူပါတယ်။ မင်းနဲ့မိဖုရား မသိအောင် ကွယ်ဝှက်ထားခဲ့ရတဲ့စာ ဖြစ်လို့ တခြားစာ ကဗျာတွေလို လူသိရှင်ကြား ပြန့်နှံ့စေခဲ့ဟန်မတူဘူး။ လူမသိ သူမသိဖြစ်ခဲ့ဟန် တူပါတယ်။ ဒါကြောင့်ဒီကဗျာကလေးဟာ ခေတ်အတော် ကြာကြာ ငုပ်လျှိုး ပျောက်ကွယ်နေခဲ့ပါတယ်။ ရှင်ထွေးလေး ဒီအန်ချင်းကဗျာရေးဖွဲ့ရာမှာ တစ်ပုဒ်လုံးနီးပါး သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေမှန်း သိသာထင်ရှားနေပေမဲ့ တချို့နေရာတွေမှာတော့ အခြားမင်းသမီး တစ်ဦးဦး အကြောင်းကိုပါ ရေးထားသလို ရေးဖွဲ့ထားတာတွေကိုလဲ တွေ့ရပါတယ်။ တကယ်ပဲ တခြားမင်းသမီး တစ်ယောက်အကြောင်းပါ ပါသလား၊ သူ့ကဗျာကို တစ်စုံတစ်ယောက် တွေ့သွားရင် ရာဇဒဏ်သင့်မှာ ကြောက်လို့ သူ့အကြောင်းကိုပဲ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ခဲ့တာလား ဆိုတာကတော့ အဖြေရှာခက်တဲ့ ပဟေဠိ တစ်ခုပါပဲ။
တကယ်တော့ နတ်ရှင်နောင်ဟာ ရုပ်ရည်ရူပကာအဆင်း တင့်တယ် ခံ့ညား ချောမောလှပေမဲ့ မြာပွေသူတစ်ဦးတော့ ဟုတ်ဟန်မတူပါဘူး။ ဆယ်ကျော်သက်အရွယ် လူလားမြောက်လာကတည်းက စစ်ပွဲတွေမှာပါဝင် ဆင်နွှဲခဲ့ရတယ်။ နေပြည်တော်မှာ ရှိခိုက် အားလပ်ချိန်မှာ ညီတော်တွေနဲ့ ဂူလီကစားတယ်၊ ချစ်ချစ်ခင်ခင်နေတယ်၊ ဆင်စီး မြင်းစီး၊ ဓားခုတ်လှံထိုး စစ်ရေးလေ့ကျင့်တယ်၊ စာဆိုစာစပ် စောင်းအတတ်လဲ တစ်ဖက်ကမ်းခတ် လေတော့ သူ့ဘဝမှာ ဒါတွေနဲ့ပဲအချိန်ကုန်ပြီး အချစ်ရေးကို သိပ်ဦးစားပေးခဲ့မှာ မဟုတ်ပါဘူး။ ချစ်သူဆိုလို့လဲ ငယ်စဥ်ဘဝမှာ ရှင်နှောင်း ဆိုသူသာရှိခဲ့ဟန်တူပါတယ်။ အရွယ်ရောက်လို့ ထီးနန်းဆက်ခံရမဲ့ အရွယ်မှာတော့ တင့်တောင့်တင့်တယ် လက်ဆက်ရမဲ့ မဟာသွေး မဟာနွယ်ဖြစ်တဲ့ ရာဇဓာတုကလျာနဲ့ စုံဖက်ခဲ့တာ ဖြစ်ပါတယ်။ ရာဇဓာတုကလျာနဲ့လဲ ကြာကြာပေါင်းဖက်လိုက်ရတာ မဟုတ်ဘဲ ဓာတုကလျာနတ်ရွာစံပြီးနောက်မှလဲ ဘာမှရှုပ်ရှုပ်ထွေးထွေး မရှိခဲ့ပါဘူး။
သူ့ရဲ့ငယ်ချစ်ဦးဖြစ်တဲ့ ရှင်နှောင်းဟာ ဟံသာဝတီနန်းကျဘုရင် ငါးစီးရှင်ကျော်စွာရဲ့သမီးထွေး ခင်ရွှေနှောင်းလား သူ့ခမည်းတော် မယ်တော်နဲ့အတူ သူ့အပါးမှာ ခစားခဲ့တဲ့ နန်းတွင်းသူ ရဝေရှင်ထွေးလား ဆိုတာကတော့ စဥ်းစားစရာ ဖြစ်ပါတယ်။ ရှင်ထွေးလေးကတော့ နတ်ရှင်နောင် အိမ်ရှေ့မင်းရဲ့ ချစ်ဦးသူဟာ သူပါလို့ သူ့ကဗျာတွေကတစ်ဆင့် သနားစဖွယ် ပြောပြခဲ့ပါတယ်။
ဒါဆိုရင် နတ်ရှင်နောင်ဟာ တောင်ငူထီးနန်းကို ဆက်ခံပြီး အနောက်ဘက်လွန်မင်းကို အရေးနိမ့်တဲ့အချိန်မှာ ရဝေရှင်ထွေးကို ဘာကြောင့် အင်းဝ ကို လက်ဆောင်အဖြစ်ပေးလိုက်တာလဲ။ မင်းဇေယျရန္တမိတ်၊ ရှင်သံခို တို့လို ယောက်ျားသားတွေနဲ့အတူ ရဝေရှင်ထွေးလို မိန်းမသားတစ်ယောက်ကို ဘာကြောင့် ရွေးချယ်ထည့်ပေးလိုက်ရတာလဲ။ နန်တွင်းမှာ စောင်းတတ် ငြင်းတတ် သဘင်သည်တွေ၊ စာတတ်ပေတတ်ပုဂ္ဂိုလ်ကျော်တွေ ရှိနေအုံးမှာပါပဲ။ ဘာကြောင့် ရှင်ထွေးလေးကိုမှ ထည့်ပေးလိုက်ရတာလဲ။ ဒီအချိန်မှာ နတ်ရှင်နောင်ဟာ အရွယ်လဲရ၊ လောကဓံအမျိုးမျိုး ကိုလဲ ကြုံတွေ့ခဲ့ရလို စဥ်းစားချင့်ချိန်တတ်တဲ့ အရွယ်ကို ရောက်နေပါပြီ။ သူနုနယ်ပျိုရွယ်စဥ်က စိတ်ကစားခဲ့တဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ တိတ်တခိုး အချစ်ဇာတ်လမ်းကို ပြည်ဖုံးကားချလိုက်ချင်တဲ့အတွက် ရဝေရှင်ထွေးကို တစ်နယ်တစ်ကျေး ပို့ဆောင်ပေးလိုက်တာပဲ ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် အနောက်ဘက်လွန်မင်းက အတင်းအကြပ် ခေါ်ဆောင်သွားတာလဲ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ပြဿနာက ဒီမှာတင်မပြီးသေးပါဘူး။ ရဝေရှင်ထွေးနဲ့ အတူပို့ဆောင်ခံရသူက ရှင်သံခိုပါ။ ရှင်သံခိုဟာ ငယ်စဥ်ကတည်းက နတ်ရှင်နောင်အပါး ခစားခဲ့တဲ့ အမတ်ငယ်တစ်ဦးဖြစ်လို့ အရှင်သခင်ဖြစ်တဲ့ နတ်ရှင်နောင် အကြောင်းကို အတွင်းသိ အစင်းသိ ဖြစ်ခဲ့ပါလိမ့်မယ်။ ငယ်ရွယ်နုပျိုသူ ဖြစ်ပြီး ရဝေရှင်ထွေးနဲ့လဲ အသက်အရွယ် မတိမ်းမယိမ်းလောက်ပဲ ရှိမှာဖြစ်ပြီး နန်းတွင်းမှာကတည်းက ခင်မင်ရင်းစွဲ ရှိခဲ့ကြမှာပါ။ နတ်ရှင်နောင်ဟာ သူ့ရဲ့အတွင်းလူတစ်ယောက်ကို အင်းဝကိုထည့်လိုက်တာဟာ ရဝေရှင်ထွေးကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ရဝေရှင်ထွေးနဲ့ ရှင်သံခိုဟာ အင်းဝကို အပို့ခံလိုက်ရတဲ့ ဘဝတူချင်းမို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိခဲ့ကြမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ နတ်ရှင်နောင်နဲ့ ရှင်ထွေးလေးတို့ရဲ့ တိတ်တခိုး အချစ်ဇာတ်လမ်းကို ရှင်သံခိုဟာ အတွင်းသိ သိခဲ့မှာ မလွဲပါဘူး။ အင်းဝရောက်တော့ ရှင်သံခိုဟာ ရှင်ထွေးလေးရဲ့ ဝေဒနာခံစားချက်ကို သနားဂရုဏာသက်ပြီး "သာလွတ်ထွတ်တင်" ချီရတုကို ရေးဖွဲ့ခဲ့တာ ဖြစ်ပါလိမ့်မယ်။
ဒါပေမဲ့ ဖြစ်ချင်တော့ ကဗျာထဲမှာ နတ်ရှင်နောင်နဲ့ ရှင်ထွေးလေးတို့ နှစ်ယောက်ကြားမှာ အမှတ်သညာထားခဲ့ကြတဲ့ "ရှင်နှောင်း" ဆိုတဲ့ အမည်ကို ထည့်ရေးလိုက်မိတဲ့အတွက် အနောက်ဘက်လွန်မင်းဟာ သူ့မိဖုရား ခင်ရွှေနှောင်းကို ရည်ညွှန်းတာပဲလို့ အထင်တော်လွဲပြီး ရာဇဒဏ် ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ရာဇဒဏ်ချမှတ်ခံရတော့မှ အနောက်ဘက်လွန်မင်းရဲ့ လူယုံတော် ပြည်ငထင်ငယ်ကို အကျိုးအကြောင်း ပြောပြပြီး အဖြစ်မှန်ကိုလျှောက်တင်စေခဲ့တဲ့အတွက် သေဒဏ်အပြစ်ဒဏ်က ကင်းလွတ်ခွင့်ရခဲ့တာ ဖြစ်ဟန်တူပါတယ်။ တကယ်လို့သာ မင်းမိဖုရားခေါင်ကြီးကို ရည်ညွှန်းဖွဲ့ဆိုခဲ့တာဖြစ်ရင် ဘယ်သူ လျှောက်တင် လျှောက်တင် လွတ်စရာ အကြောင်းမမြင်ပါဘူး။ တကယ်တမ်းမှာလဲ ငါးဆူဒါယကာရဲ့ သမီးထွေး ခင်ရွှေနှောင်းနဲ့ နတ်ရှင်နောင်ရဲ့ အချစ်ဇာတ်လမ်းဟာ တကယ်ရှိခဲ့ဟန်မတူပါဘူး။ သူ့တို့အကြောင်းနဲ့ပတ်သက်ပြီး ရှိခဲ့မယ်ဆိုရင်တောင် ငါးဆူဒါယကာရဲ့ သမီးထွေးဟာ တစ်ချိန်ကဘုရင့်သမီးမို့ ရာဇသွေး ရာဇနွယ်ဖြစ်လို့ နန်းတွင်းမှာ အိမ်ရှေ့စံနဲ့ သဘောတူ ကြည်ဖြူရုံအဆင့်လောက်ပဲ ရှိခဲ့မှာ ဖြစ်ပါတယ်။ နတ်ရှင်နောင်နဲ့ အနောက်ဘက်လွန်မင်း မိဖုရားရဲ့ အချစ်ဇာတ်လမ်းဟာ တကယ်မရှိခဲ့လို့သာ အနောက်ဘက်လွန်မင်းဟာ ရှင်သံခိုကို အပြစ်ဒဏ်က ခွင့်လွှတ်ပြီး ဆက်လက်မြှောက်စားခဲ့တာ ဖြစ်ပါလိမ့်မယ်။
ရေးသားခဲ့တာတွေကတော့ စာရေးသူ အတွေး အမြင် ခံစားချက် ခံစားသိနားလည်မှုနဲ့ ရေးခဲ့တာပါ။ နတ်ရှင်နောင်ရဲ့ ငယ်ချစ် ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ စာဖတ်သူများလဲ စာဖတ်ပြီး အတွေးတစ်ခုခု ရစေမယ် ထင်ပါတယ်။
ကျမ်းကိုး-
ခင်ခင်လေး၊ဒဂုန်။ (၁၉၆၇)။ အမျိုးသမီး အနုပညာရှင်များ။ ရန်ကုန်၊ ဇွဲစာပေရိပ်မြုံ။
နတ်သျှင်နောင်။ (၁၉၆၆)။ နတ်သျှင်နောင်ရတုပေါင်းချုပ်၊ တကြိမ်။ ရန်ကုန်၊ ဟံသာဝတီပုံနှိပ်တိုက်။
ဖေမောင်တင်၊ဦး။ (၁၉၇၇)။ မြန်မာစာပေသမိုင်း၊ တ ကြိမ်၊ ရန်ကုန်၊ စပယ်ဦးစာပေ။
မိမိလေး၊ဒေါ်။(၂၀၀၃)။ အမျိုးသမီးစာဆိုလောကနှင့် ဘဝကြေးမုံ"။ ရန်ကုန်၊တက္ကသိုလ်များ ပုံနှိပ်တိုက်။
မြကေတု။(၁၉၆၇)။ စာပေတန်ဆောင်။ ရန်ကုန်၊ နှလုံးလှစာအုပ်တိုက်။
မြကေတု။(၁၉၉၈)။ နန်းမူနန်းရာမြကေတုစာပေါင်းချုပ်။ ရန်ကုန်၊ ဟိန်းထက်စာပေ။
မြန်မာစာအဖွဲ့။(၂၀၁၃)။ ခရီဆောင်မြန်မာအဘိဓာန်၊ တကြိမ်။ ရန်ကုန်၊ မြန်မာစာအဖွဲ့ဦးစီးဌာန။
ရွှေသိမ်းမင်း၊ကို(စီစဥ်သူ)။ (၂၀၁၂)။ပန်းရွှေပြည် ရှေးကဗျာစု။ ရန်ကုန်၊ ပန်းရွှေပြည်စာအုပ်တိုက်။
ရွှေသိမ်းမင်း၊ကို(စီစဥ်သူ)။(၂၀၁၆)။ "ရဝေရှင်ထွေးရတုများ"၊ မြန်မာမင်းလက်ထက် ရတုများ၊ ဒုတိယအုပ်။ ရန်ကုန်၊ ပန်းရွှေပြည်စာအုပ်တိုက်။
ရွှေသိမ်းမင်း၊ကို(စီစဥ်သူ)။(၂၀၁၆)။ "ရှင်သံကိုယ် ရတုများ"၊ မြန်မာမင်းလက်ထက် ရတုများ၊ တတိယအုပ်။ ရန်ကုန်၊ ပန်းရွှေပြည် စာအုပ်တိုက်။
သာနိုး၊ မောင်။ (၂၀၀၆)။ ဂန္ထဝင်မြန်မာကဗျာ။ ရန်ကုန်၊ လင်းဦးတာရာစာပေ။
သုတ၊မောင်(ဗိုလ်မှူးဘသောင်း)။(၂၀၀၂)။ စာဆိုတော်များအတ္ထုပ္ပတ္တိ၊ ပဉ္စမအကြိမ်။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်။

အဲ့ဆို ပိုနွေလလျှင်ရတုမှာ ဓာတုကလျာကို ကို ရည်ညွှန်းတာလားလို့ ဘာလို့ဆိုတတိယ အပိုဒ်မှာ မလ္လာရနံ့ ထုံပျံ့ပန်းသတ် ခြူးနတ်ဆင့်ကုံး စိန်ပွင့်အုံးဝယ် အဲ့မှာ မှီအုံးက ရဝေရှင်ထွေး အတွက် မဖြစ်နိုင်လောက်ဘူး ဘုရင့်သမီးတော်ဖြစ်တဲ့ ရာဇဓာတုကလျာ ဘဲဖြစ်နိုင်လောက်တယ်
ReplyDelete