ဒီအကြောင်းရေးဖို့ ဖြစ်လာတာက မနှစ်က ကခဲ့တဲ့ "အသက်ထက်မြတ်သော ဂုဏ်သိက္ခာ" နတ်သျှင်နောင်ဇာတ်ကြီးက စတယ်လို့ ဆိုရမှာပါဘဲ။ ဇာတ်လမ်းရဲ့ အဓိက ဦးတည်ချက်တွေ ပျက်သွားမှာစိုးလို့ ရဝေရှင်ထွေး အကြောင်းကို နှစ်ပါးသွားမှာဘဲ ပါးပါးလေး ထည့်ကခဲ့ရတယ်။ လူအများစုက ငယ်ချစ်နဲ့ လွဲကြတာ များသလို ချစ်တိုင်းလဲ မညားကြသူတွေ လောကမှာ အများကြီးပါ။ အဲ့ဒီလူတွေထဲမှာ နတ်သျှင်နောင်နဲ့ ရဝေရှင်ထွေး တို့လဲ ပါဝင်ခဲ့ကြတာပေါ့။
ဒီပြဿနာကို အစဖော်တာက ရှင်ထွေးလေးပါ။ ရှင်ထွေးလေး ဆိုတာကတော့ ရဝေရှင်ထွေးဖြစ်ပါတယ်။ ငယ်ရွယ်နုနယ်သူဖြစ်လို့ ရဝေရှင်ထွေးဆိုတာထက် ရှင်ထွေးလေး လို့ပဲ ခေါ်ချင်မိတယ်။ သူ့ရဲ့ကဗျာအကြောင်း စာလေးရေးမယ်လို့ စိတ်ကူးရလို့ သူ့ကဗျာကလေးတွေဖတ်တော့ သူဟာ နတ်ရှင်နောင်ကို တတမ်းတတနဲ့ ချစ်ခဲ့ရသူတစ်ယောက်ဆိုတာ အထင်းသား မြင်လာရတယ်။ သူ့ကဗျာတွေဖတ် သူ့ကိုသနားစိတ် ဝင်လာရာက ဒီပြဿနာ စတော့တာပါပဲ။
သူ့အကြောင်းကို ကြည့်တော့လဲ သူဟာ နတ်ရှင်နောင်ရဲ့ခမည်းတော် ဖြစ်တဲ့ တောင်ငူဘုရင်နဲ့ မိဘုရားကြီးတို့ရဲ့ ကိုယ်လုပ်တော် ဆိုပဲ။ ဘုရင့် ကိုယ်လုပ်တော်နဲ့ ဘုရင့်သားတော် အိမ်ရှေ့မင်းရဲ့ အချစ်ဇာတ်လမ်းဟာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ရှင်ထွေးလေးကလဲသူ့ရဲ့ ကိုယ်ရေးကိုယ်တာ အန်ချင်းထဲမှာ တော်တော်ကြီး ပွင့်ပွင့်လင်းလင်းရေးထားတယ်။ အဲဒီစာ ဖတ်ရတော့ အဲဒီတုန်းက အခြေအနေ ဘယ်လိုရှိမယ်တော့မသိ၊ ကျွန်တော့်အတွက်တော့ တိုင်ပတ်တော့တာပါပဲ။ မင်းစိုးရာဇာ ကိစ္စကလဲဖြစ်၊ ကိုယ်ရေးကိုယ်တာ နှလုံးသားရေးရာကိစ္စလဲ ဖြစ်တဲ့အတွက် ဘယ်မှတ်တမ်းမှတ်ရာ ဘယ်သမိုင်းဆရာကမှ တိတိပပ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။ စာ ကဗျာလေ့လာလိုက်စားသူတွေကသာ စာ ကဗျာထဲက ရသကိုခံစားရင်း သဲလွန်စ ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။
နတ်ရှင်နောင်အကြောင်းနဲ့ နတ်ရှင်နောင်ရဲ့ ကဗျာတွေကို ခေတ်အဆက်ဆက်က ညက်ညက်ကြေအောင် လေ့လာထားခဲ့ကြပြီးဖြစ်လို့ နတ်ရှင်နောင်အကြောင်း၊ နတ်ရှင်နောင်ရဲ့ကဗျာတွေအကြောင်း နှံ့စပ်ကျွမ်းကျင်သူ အများအပြားပါပဲ။ ဒါပေမဲ့ လေ့လာသူအများစု ကတော့ ပြဿနာရှာပြီး နတ်ရှင်နောင်ရဲ့ငယ်ချစ် ဘယ်သူဖြစ်မလဲဆိုတာ စူးစမ်းမနေကြပါဘူး။ နတ်ရှင်နောင် ကဗျာအကြောင်းပြောရင် နတ်ရှင်နောင် ကဗျာတွေထဲက လွမ်းဆွတ်တသနေတဲ့ အဖွဲ့ခံမိန်းကလေးဟာ ရာဇဓာတုကလျာပါပဲ။ ရာဇဓာတုကလျာကို အကြောင်းကို ကြည့်ပြန်တော့လဲ ရာဇဓာတုကလျာဟာ နတ်ရှင်နောင်ထက် အသက်အများကြီးတဲ့ အရွယ်ရောက်ပြီး မိန်းမသားတစ်ဦး ဖြစ်တယ်ဆိုတာကို မှတ်တမ်း အစောင်စောင်က ဖော်ပြနေကြတယ်။ သူများတွေ တခုပ်တရ အမြတ်တနိုးပြောကြတဲ့ ဓာတုကလျာကို ဆရာမောင်သာနိုးကတော့ သူရဲ့ ဂန္ထဝင် မြန်မာကဗျာစာအုပ်မှာ "အမယ်အိုကြီး" (စာ ၉၆) လို့ ရက်ရက်စက်စက် ပြောခဲ့တယ်။
နတ်ရှင်နောင်ရဲ့ကဗျာတွေဖတ်တဲ့အခါကျတော့လဲ သူလွမ်းဆွတ်တသရတဲ့မိန်းမကလေးဟာ အင်မတန် ငယ်ရွယ်နုနယ်တဲ့ ဆယ်နှစ်စွန်းကာစ ဆယ်ကျော်သက်အရွယ် မိန်းကလေး ဖြစ်တယ်ဆိုတာ သူ့ကဗျာ အတော်များများမှာ ဖော်ပြခဲ့တယ်။
"ညွတ်ညွတ်ညိုသွယ်"ချီ သကျမဉ္ဇူ ဘုရားတိုင်မယ်ဘွဲ့ရတု တတိယပုဒ်မှာ -
" ထွတ်ထွတ်ပျိုရွယ်၊ မွတ်မွတ်သွယ်သား
သက်ဆယ်နှစ်စွန်း၊ ရက်မယွန်းတည့်
လျှံထွန်းတန်ဆောင်၊ ရွှန်းတင့်ခေါင်ကို
မြင်ယောင်ထင်မက်၊ စက်လည်းသွယ်ခွေ
နေလည်းပြိုက်ရွှမ်း၊ ငြိမ့်မျှလွမ်း၍" (စာ ၈၁)
ဆိုပြီးတွေ့ရသလို -
"ယခုကစင်" ချီ မိုးတော မယ်ဘွဲ့ရတု တတိယပိုဒ်မှာ -
"ဆယ်ကျူးသက်စစ်၊ နောင်ကြင်ချစ်မူ၊
သွင်းနှစ် ရက်စွန်း၊ ရာသီပန်းနှင့်" (စာ ၄၅)
ဆိုပြီးတွေ့ရတယ်။
တစ်ခါ "တဆယ့်နှစ်ခွင်" ချီ မိုးတော မယ်ဘွဲ့ရတု တတိယပိုဒ်မှာ -
"မြရွက်မြိတ်ညွန့်၊ မဖြန့်လက်သင်
ကေရှင်ထုံးသစ်၊ ဆယ်ကျော်နှစ်က" (စာ ၃၅)
လို့တွေ့ရသလို-
"တာရက်လကို" ချီ မိုးတောမယ်ဘွဲ့ရတု ဒုတိယပိုဒ် မှာလဲ -
"ပြာညက်မြညို၊ လှသည်ကိုမူ
နှုန်းဆိုစရာ၊ လှည့်၍ရှာလည်း
စကြာနှင့်ပင်၊ ခက်မည်ထင်၏
ဆယ်တွင်နှစ်မည်၊ ရံလည်ဦးရှက်
ရွှေနှယ်စက်သား၊ ဆက်ဆက်တိုင်းပင်
လွန်၍ကြင်သည်၊ ဖူးချင်နေ့ည
မွတ်မွတ်လှကို၊ ဆံမျှမတန့်
လွမ်းညွန့်ထပ်ရစ်၊ စစ်တပ်မြေတာ
ရပ်ရာထူးခြား၊ ဝေးလေငြားလည်း
စက်ပါးတွင်ပင်၊ ထင်တုံရေးရေး
ချစ်စိတ်ပြေးသည်
မဝေးရှုမြော် မိ၏သို့။ ။" (စာ ၇၅)
ဆိုပြီး သူစစ်မြေပြင်မှာ လွမ်းဆွတ်နေရသူ မိန်းကလေးဟာ ဆယ်နှစ်စွန်းအရွယ်ဆိုတာကို ဖော်ပြခဲ့ပါတယ်။
" ရွှန်းမြေ့သည်လျှင်" ချီ မိုးတောမယ်ဘွဲ့ ရတု ပထမပိုဒ်မှာ -
"သက်လည်းဆယ်မြတ်၊ နတ်လည်းမနှုန်း
ဘုန်းလည်းဖြိုးညွန့်၊ စင်သန့်မျိုးမည်
ပြစ်ခြည်ကင်းဝေး၊ လှငြိမ့်လေးနှင့်"(စာ ၆၂)
လို့ ဖွဲ့ဆိုထားတာတွေ၊
"ဖူးပါစေချင်"ချီ မြင်ထင်ဘုရားတိုင် မယ်ဘွဲ့
ဒုတိယပိုဒ်မှာ-
"ကေရှင်သွယ်မြ၊ စည်းစကပင်
သက်မျှမိပေ၊ မျိုးမြုတေကို
ဖန်ဝေမူးမော်၊မြင်တိုင်းမြော်သော်" (စာ၇၈)
လို့ ဖွဲ့ဆိုထားတာတွေ၊
"မထိုက်ရပ်ရာ" ချီ သစ္စာတိုင်မယ်ဘွဲ့ရတု ပထမပိုဒ်မှာ -
"ဆံရှင်ကေမြ၊ ထုံးရွရွလည်း
ယုယမပြင်၊လက်သင်မြိတ်လွတ်
သွယ်နွဲ့ညွတ်ကို၊ ဆွတ်ဆွတ်ခွေ့ခွေ့
ကြင်မိ၍တည့်" (စာ ၉၅)
လို့ ဖွဲ့ဆိုထားတာတွေကို ကြည့်မယ်ဆိုရင် နတ်ရှင်နောင် ဖွဲ့ဆိုတဲ့ မိန်ကလေးဟာ ဆံပင်စည်းစ အရွယ်၊ လက်သင်ဆံထုံး ထုံးစအရွယ် အင်မတန် နုနယ်ငယ်ရွယ်သေးတယ်ဆိုတာ တွေ့နိုင်မှာဖြစ်ပါတယ်။
နတ်ရှင်နောင်ရဲ့ ကဗျာတွေထဲက ဆင်ယင်ထုံးဖွဲ့မှုဟာ အပျိုဖြန်းကလေးတွေရဲ့ ဆင်ယင်ထုံးဖွဲ့မှု ဖြစ်တယ် ဆိုတာကို ရှေးခေတ်မြန်မာအမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကို လေ့လာခဲ့တဲ့ ဆရာမကြီး စောမုံညင်းက သူ့ရဲ့ "မြန်မာ အမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု" စာအုပ်မှာ အောက်ပါအတိုင်း ရေးသားခဲ့တယ်။
"နတ်ရှင်နောင်၏ သစ္စာတိုင်ရတုများ၌ -
'မြိတ်ရွှမ်းမဉ္ဇူ၊ ဆီပျံ့ကြူနှင့်၊ လျစ်လျူတမ်းသာ၊ ဆံကြာကွင်းလျော့၊ နေစေတော့ဟု၊ မြရွက်မြိတ်ညွန့်၊ မဖြန့်လက်သင်၊ ကေရှင်ထုံးသစ်၊ ဆယ်ကျော်နှစ်က' ဟူ၍လည်းကောင်း၊ 'ဆံကေရှင်မြ၊ ထုံးရွရွလည်း၊ ယုယမပြင်၊ လက်သင်မြတ်လွတ်၊ သွယ်နွဲ့ညွတ်ကို' ဟုလည်းကောင်း၊ ဆံမြိတ်ကလေးနှင့် ကပိုကရို လျော့ကျနေသော ဆံပင်ပုံ၊ အထူးတလည် မွမ်းထားခြင်းမရှိဘဲ ဆယ်ကျော်နှစ်အရွယ် အပျိုဖြန်းလေး၏ တင့်တယ်ပုံများကို ဖွဲ့ဆိုထားသည့်အတွက် အဆင်သင့် လေ့လာနိုင်ကြပေသည်။" (စာ ၅၂) ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။
နတ်ရှင်နောင်က ဒီလိုတွေဖွဲ့ထားလေတော့ လေ့လာသူတွေက ရာဇဓာတုကလျာကို အားနာပြီး နတ်ရှင်နောင်ရဲ့ တချို့ကဗျာတွေထဲက မိန်းကလေးဟာ တကယ်မရှိပါဘူး၊ စာဆိုတော် နဝဒေးကြီးကို အားကျပြီး နဝဒေကြီးရတုတွေမှာ သူ့ချစ်သူ ဆယ်ကျော်သက် ရှင်နှောင်းကလေးကိုရေးသလို နတ်ရှင်နောင်ကလဲ အတုခိုးပြီး လိုက်ရေးတာပါလို့ တချို့ကလဲ ဖာကြ ဖုံးခဲ့ကြပါတယ်။
ဒါပေမဲ့ နတ်ရှင်နောင် ကိုယ်တိုင်ကတော့ သူ့မှာ ငယ်ချစ် ရှိတယ်လို့ ပြောခဲ့တယ်။ သူ့ရဲ့ ငယ်ချစ်ဟာ လက်သင်ဆံထုံး ထုံးစအရွယ် ငယ်ရွယ်နုနယ်တဲ့ မိန်ကလေးပါလို့ သူ့ရဲ့ ကဗျာတွေမှာ အတိအလင်း ဖော်ပြခဲ့တယ်။ "ပေါ်နွေလလျှင်" ချီရတုမှာ စစ်မြေစခန်းက လွမ်းရသူ မိန်းကလေးကို "ပင်ရုံးရွရွ၊ လက်သင်မ၍၊ သက်မျှငယ်ချစ်၊ ပျောင်းလိမ့်ဖြစ်ကို" (စာ ၂၂) လို့ရေးဖွဲ့ထားသလို၊ "ဖူးပါစေချင်"ချီ မြင်ထင်ဘုရားတိုင် မယ်ဘွဲ့မှာ "ကေရှင်သွယ်မြ၊ စည်းစကပင်၊ သက်မျှမိပေ" (စာ၇၈) ဆိုတဲ့ ငယ်စဥ်ကတည်းက အသက်ကို မျှဝေချစ်ခဲ့တဲ့ မိန်းကလေးဟာ ငယ်ချစ်ပါ ဆိုပြီး "ကျူးဧသာယာ၊ အခါသရစ်၊ သည်အဖြစ်ကို၊ ငယ်ချစ်မမြင်၊ ပျော်ဖွယ်ဖြင်မျှ" (စာ ၇၈) လို့ ဖော်ပြခဲ့ပါတယ်။
ဒီတော့ နတ်ရှင်နောင်ရဲ့ ငယ်ချစ် ဘယ်သူဖြစ်မလဲ ဆိုတာ စဥ်းစားစရာ ဖြစ်လာပါတယ်။ နတ်ရှင်နောင်မှာ ရာဇဓာတုကလျာအပြင် အခြားချစ်သူတစ်ယောက် ရှိသေးတယ်ဆိုတာကို အတိအလင်း ဖော်ပြခဲ့သူကတော့ နတ်ရှင်နောင်အကြောင်း ထဲထဲဝင်ဝင် လေ့လာသုတေသန ပြုခဲ့တဲ့ မြကေတု (ဆရာကြီးဦးချမ်းမြ) ပဲ ဖြစ်ပါတယ်။ မြကေတုရဲ့ စာပေတန်ဆောင်စာအုပ် နတ်ရှင်နောင် (ဆရာကြီးရဲ့အလိုအရ နတ်သျှင်နောင်) ဆောင်းပါမှာ နတ်ရှင်နောင်ရဲ့ ချစ်သူအကြောင်း အခုလို ဖော်ပြခဲ့ပါတယ်။
"သူ့တွင် ရာဇဓာတုကလျာအပြင် ချစ်သူ မရှိ လေပြီလောဟု မေးစရာရှိပါသည်။ မှန်ပါသည်။ သူ၌ ချစ်သူရှိပါလေသေးသည်။ သူ၏ ချစ်သူကလေးတစ်ဦးမှာကား ရှင်နှောင်းကလေးပင် ဖြစ်ပါသည်။
ရှင်နှောင်းကလေးသည် ဟံသာဝတီ ငါးဆူ ဒါယကာ၏ သမီးတော်အထွေးဆုံး ဖြစ်ပါသည်။ ခင်ရွှေနှောင်းဟု ခေါ်သည်။ ခမည်းတော် တောင်ငူရွှေနန်းတည်မင်းသည် ဟံသာဝတီ ငါးဆူဒါယကာမင်းကို အကျယ်ချုပ်ဖြင့် တောင်ငူမြို့သို့ ခေါ်ဆောင်ကာ အိမ်ဖြူတော်နှင့် ထားသည့်အခါက သမီးတော်ခင်ရွှေနှောင်းနှင့် နတ်ရှင်နောင် ရည်ငံကြဟန် တူပါသည်။ မယ်တော်မိဖုရားကြီးကလည်း သားတော်နှင့် သဘောတော်မျှပါသည်။ သို့သော် ငါးဆူဒါယကာ တောင်ငူတွင်လုပ်ကြံခံရပြီးနောက် တောင်ငူရွှေနန်းရှင်သည် ငါးဆူဒါယကာနှင့် သမီးတော်များကို သူတို့နေလိုသည်ဆိုသော အင်းဝသို့ ပြန်ပို့ပေးပါသည်။ ထိုနောက် ရှင်နှောင်းကလေးသည် အနောက်ဘက်လွန် မင်း၏ မိဖုရားတစ်ပါး ဖြစ်လာပါသည်။" (စာ ၂၃) လို့ ဖော်ပြခဲ့ပါတယ်။
ငါးဆူဒါယကာရဲ့သမီးထွေး ရှင်နှောင်းဟာ နတ်ရှင်နောင်ရဲ့ ချစ်သူဖြစ်ခဲ့တယ်ဆိုတာ ဘယ်သမိုင်းမှတ်တမ်းမှတ်ရာမှာမှ မတွေ့ရပါဘူး။ ဖြစ်နိုင်တယ်လို့ ယူဆတာသာ ဖြစ်ပါတယ်။ ဒီလိုယူဆတာကလဲ အကြောင်းနှစ်ရပ်ကြောင့် လို့ မြင်ပါတယ်။
ပထမအကြောင်းကတော့ နတ်ရှင်နောင်ရဲ့ ကဗျာ တချို့မှာ ရှင်နှောင်း ဆိုတဲ့ နာမည် ပါနေခြင်းပါ။
"သမုဒ်ဧရာ"ချီ မြသိတင် ဘုရားတိုင်မယ်ဘွဲ့ရတု ပထမပိုဒ်မှာ -
"ရှင်းနှောင်းနွဲ့ညို၊ ယုံမည်ကိုမျှ
သံချို ဟမြွက်၊ ရပ်ခြည်ခက်ခဲ့" (စာ ၂၅)
လို့ဖွဲ့ထားသလို၊
"ဖန်စကြာလျှင်"ချီ နွေရာသီမယ်ဘွဲ့ရတု ဒုတိယပိုဒ်မှာလဲ -
"ချန်ရက်ကြာတင်၊ ရှေးနှယ်ပင်တည့်
ပြာစင်ရွှေလှော်၊ ထွေးနှောင်းမြော်လျှင်" (စာ ၂၄)
လို့ ဖွဲ့ဆိုထားတယ်။
"နဝဒေးက သူ့ရဲ့ချစ်သူဟာ ရှင်နှောင်းမို့လို့ သူ့ရတုမှာ 'ရှင်နှောင်း' ရယ်၊ 'နှောင်း' ရယ် ထည့် ရေးတာ မဆန်းပါဘူး။ နတ်ရှင်နောင်က 'ရှင်နှောင်း' လိုက်ရေးတာကတော့ ဆန်းတယ်။" (စာ ၁၁၅) လို့ မောင်သာနိုးက ဂန္ထဝင်မြန်မာကဗျာ စာအုပ်မှာ ကောက်ချက်ချခဲ့တယ်။
နတ်ရှင်နောင်ရဲ့ကဗျာတချို့မှာ "ရှင်နှောင်း" ဆိုတဲ့နာမည် ပါရှိတာကြောင့် နာမည်တူ"ခင်ရွှေနှောင်း" ဟာ နတ်ရှင်နောင်ရဲ့ ချစ်သူ ဖြစ်လိမ့်မယ်လို့ ယူဆခဲ့တာ ဖြစ်နိုင်ပါတယ်။
ဒုတိယအကြောင်းကတော့ ပိုပြီးအဓိကကျသလို ပိုပြီး ထင်ရှားလူသိများတဲ့အကြောင်း ဖြစ်ပါတယ်။ အဲဒီအကြောင်းကတော့ ရှင်သံခို (ရှင်သံကိုယ်) ရဲ့ "သာလွတ်ထွတ်တင်" ချီရတု ပါပဲ။ ရှင်သံခိုဟာ နတ်ရှင်နောင် အပါး ခစားရတဲ့ အမတ်တစ်ဦးဖြစ်လို့ နတ်ရှင်နောင်အကြောင်း ကောင်းကောင်းသိသူ ဖြစ်တယ်။ တောင်ငူဘုရင် မင်းရဲသီဟသူရဲ့ စာဆိုအကျော်အမော် မင်ဇေယျရန္တမိတ်ရဲ့ တူဖြစ်ပြီး ကိုယ်တိုင်လဲ ကဗျာအဖွဲ့အနွဲ့ ကျွမ်းကျင်ပိုင်နိုင်တဲ့ စာဆိုတစ်ဦးဖြစ်တယ်။ တောင်ငူဘုရင် မင်းရဲသီဟသူ နတ်ရွာစံပြီးတဲ့နောက် နတ်ရှင်နောင် ထီးနန်းဆက်ခံတော့ အင်းဝက မင်းပြိုင်ဖြစ်တဲ့ အနောက်ဘက်လွန်မင်းက တောင်ငူကို သိမ်းပိုက်တဲ့အခါမှာတော့ နတ်ရှင်နောင်အရေးနိမ့်ပြီး ဘုရင်ခံအဖြစ်နဲ့ အနောက်ဘက်လွန်မင်းထံ သစ္စာခံခဲ့ရတယ်။ အဲဒီအချိန်မှာတော့ ရှင်သံခိုဟာ ဦးရီးတော် မင်းဇေယျရန္တမိတ်၊ ရှင်ထွေးလေး (နန်းတွင်းစာဆို ရဝေရှင်ထွေး) တို့နဲ့အတူ အင်းဝနေပြည်တော်ကို လိုက်ပါသွားခဲ့ရတယ်။ အင်းဝနေပြည်တော်မှာ စာတွေဆိုပြီး ချီးမြှင့် မြှောက်စားခံနေရချိန်မှာ "သာလွတ်ထွတ်ထင်" ချီရတုကိုရေးတော့ "နောင်" တို့ "ရှင်နှောင်း" တို့အမည်တွေပါသွားလို့ အနောက်ဘက်လွန်မင်းက ဒါ တောင်ငူဘုရင် နတ်ရှင်နောင်နဲ့ သူ့မိဖုရား ရှင်နှောင်းကို ရည်ညွှန်းတာဆိုပြီး အမျက်တော်ရှ သေဒဏ်ချမှတ်လိုက်တယ်။ နောက်မှ ပြည် ငထင်ငယ် က ကြားဝင်လျှောက်ထားပေးလို့ အသက်ချမ်းသာရာ ရခဲ့တယ်။ ဒီအကြောင်းကို ဦးဖေမောင်တင်ရဲ့ မြန်မာစာပေသမိုင်းနဲ့ မောင်သုတရဲ့ စာဆိုတော်များအတ္ထုပ္ပတ္တိမှာ အကျယ်တဝင့်ဖော်ပြထားပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး စာဆိုတော်များ အတ္ထုပ္ပတ္တိမှာ ပါရှိတာကို ကောက်နုတ် ဖော်ပြရမယ် ဆိုရင်-
" ရာဇမာန်ပွားရခြင်းအကြောင်းမှာ အင်းဝသို့ရောက်ပြီးနောက် "သာလွတ်ထွတ်တင်"ချီ စူဠာမုနိဘုရားတိုင် ရတုကိုရေးသည်။ ထိုရတုတွင် အနောက်ဘက်လွန်မင်းတရားကြီး၏ မိဖုရားနှင့် နတ်ရှင်နောင်တို့ ငယ်ရွယ်စဥ်ကပင် ရည်ငံလျက် ရှိကြလေဟန်၊ အထူးသဖြင့် ထိုရတု၌ "နောင်သာ ကြင်သား"၊ "ကြိုးသည့်နောင်မူ" စသော စသောစကားများဖြင့် နတ်ရှင်နောင်၏ အမည်ကို အဖျားဆွတ် ခေါ်ဝေါ်ရေးသားထားသကဲ့သို့ ရှိသောကြောင့် အနောက်ဘက်လွန်မင်း တရားကြီးက ရှင်သံကိုယ်အား ကွပ်မျက်မည် ပြုသည်။ နောက် ပြည်-ငထင်ငယ် လျှောက်ထားသည်တွင်မှ အမျက်တော်ပြေ၍ အသက်ချမ်းသာရာ ရတော့သည်။" (စာ ၁၁၉) လို့ ဖော်ပြထားပါတယ်။
ဘုရင့်မိဖုရားခေါင်ကြီးကို စောင်းချိတ်ရေးမိလို့သေဒဏ်တောင် အပေးခံရပြီးမှာ ဘာကြောင့် လွတ်မြောက်ခွင့်ပေးခဲ့သလဲဆိုတာ နတ်ရှင်နောင် နဲ့ ရှင်နှောင်းကိစ္စမှာ အရေးပါတဲ့ ကွင်းဆက်တစ်ခု ဖြစ်ပါတယ်။ ပြည် ငထင်က လျှောက်လို့ အမျက်တော် ပြေတယ်ဆိုတော့ ပြည် ငထင်ငယ် ဘာတွေ လျှောက်တင်ခဲ့လို့လဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းမှာ ဆွေးနွေးပါမယ်။
အထက်မှာ ပြောခဲ့တဲ့အတိုင်း နတ်ရှင်နောင်ရဲ့ ကဗျာမှာ ရှင်နှောင်း အမည်ပါနေတာ၊ "နောင်" နဲ့ "ရှင်နှောင်း" အမည်ရေးမိလို့ ရှင်သံခို အမျက်ရှခံရတာ၊ ဒီအချက်နှစ်ချက်ကိုထောက်ပြီး နတ်ရှင်နောင်ရဲ့ ချစ်ဦးသူ ငယ်ချစ်ဟာ ငါးစီးရှင်ကျော်စွာရဲ့ သမီးတော် ရှင်နှောင်းဖြစ်လိမ့်မယ်လို့ အများကယူဆခဲ့ကြဟန် တူပါတယ်။ ဒီအထိကတော့ ပြဿနာမရှိသေးပါဘူး။ ပြဿနာကို စလိုက်သူကတော့ရှင်ထွေးလေး (ရဝေရှင်ထွေး) ပါပဲ။
(ဆက်လက်ဖော်ပြပါမယ်)
ကျမ်းကိုး -
စောမုံညင်း။(၁၉၈၉)။ မြန်မာအမျိုးသမီး ဆင်ယင် ထုံးဖွဲ့မှု။ ရန်ကုန်၊ စာပေဗိမာန်။
နတ်သျှင်နောင်။ (၁၉၆၆)။ နတ်သျှင်နောင်ရတုပေါင်းချုပ်၊ တကြိမ်။ ရန်ကုန်၊ ဟံသာဝတီပုံနိှပ်တိုက်။
ဖေမောင်တင်၊ဦး။ (၁၉၇၇)။ မြန်မာစာပေသမိုင်း၊ တ ကြိမ်၊ ရန်ကုန်၊ စပယ်ဦးစာပေ။
မြကေတု။(၁၉၆၇)။ စာပေတန်ဆောင်။ ရန်ကုန်၊ နှလုံးလှစာအုပ်တိုက်။
သာနိုး၊ မောင်။ (၂၀၀၆)။ ဂန္ထဝင်မြန်မာကဗျာ။ ရန်ကုန်၊ လင်းဦးတာရာစာပေ။
သုတ၊မောင်(ဗိုလ်မှူးဘသောင်း)။(၂၀၀၂)။ စာဆိုတော်များအတ္ထုပ္ပတ္တိ၊ ပဉ္စမအကြိမ်။ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက်။

No comments:
Post a Comment