ထူးမခြားနား သီချင်းအကြောင်း အနှစ်ချုပ်ကတော့ အပိုင်း ၁ မှာလဲ ပြောပြီးပါပြီ၊ အပိုင်း ၂ က စွယ်တော်စင်နဲ့ စွယ်တော် ရှိ/မရှိ ရှာရင်း ဝိဝါဒကွဲနေတဲ့ တေးရေး ခြေရာကောက် ဆိုရမလားဘဲ ဆက်ပြောရပါဦးမယ်။
ရွှေနန်းထွက်မဟာဂီတကျမ်း ရေးသားသူ စန္ဒယားဆရာမြိုင် ရဲ့ အဆိုကတော့-
ဘိုးတော်ဘုရား နတ်ပြည်စံပြီးနောက် ဖလ်နန်းရှင် ဘကြီးတော်ဘုရား နန်းတက်ချိန်မှာ "အိုအိုအေတို့ရေ၊ နေရာဟောင်း ပြောင်းကြစို့လေ" ဆိုတဲ့ တဘောင်တစ်ရပ် ပေါ်ထွက်လာပြီး ရတနာပူရပြည်မှာ ရောဂန္တရကပ်ဆိုက်လို့ ဘကြီးတော်ဟာ မှန်နန်းစတုတ္ထ ပြည်အင်းဝကို ပြောင်းရွှေ့စံမြန်းခဲ့ပါတယ်၊ အဲ့အချိန်မှာ စွယ်တော်စင်က ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးလို့ တေးရေး ဆက်သွင်းဖို့ မြဝတီမင်းကြီးကို တာဝန်ပေးခဲ့ကြောင်း သံယုတ်ဆရာတော်ဘုရား ဗြဟ္မာဘုံနန်း မြန်းမကြွခင် သက္ကရာဇ် ၁၂၈၃ ခုနှစ်မှာ မိန့်ကြားတော်မူခဲ့ကြောင်းကို ရန်ကုန်မြို့ရှိ သရစိမ်းမိဖုရားအိမ်တော်မှာ ခစားနေတဲ့ အဆိုတော်ကြီး ဦးကြွေက မိန့်ခဲ့တယ်လို့ စန္ဒယားမြိုင်က ဆိုထားပါတယ်။
မြဝတီစာစု သီချင်းစု စာအုပ်မှာ ဒဂုံခင်ခင်လေးက ခုလို ဆိုပြန်ပါတယ်-
ဒဂုံခင်ခင်လေးဆိုတာ ဝက်မစွတ်ဝန်ထောင်မင်းရဲ့ မြေး ဖြစ်ပြီး အဖိုးဖြစ်သူ ဝက်မစွတ်မင်းဘုရားထံက အမွေတွေ ရခဲ့သူပါ။ ဒဂုံခင်ခင်လေးရခဲ့တဲ့ အမွေတွေထဲမှာ မြဝတီစာစုနဲ့ သီချင်းစု ပေမူလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။
ပုဂံမင်းလက်ထက်မှာ မင်းတုန်းမင်းသားရဲ့ အမိန့်အရ မြဝတီမင်းကြီးဟာ သူရေးခဲ့သမျှစာတွေ၊ သီချင်းတွေကို စုစည်းလို့ ပေထက်အက္ခရာမှတ်တမ်းတင် ရေးရပါတယ်။
မြဝတီမင်းကြီးဟာ သူရေးခဲ့သမျှ ဒွေးချိုးသဖြန်ကအစ၊ အသေးအဖွဲအကုန် ရေးသားဖော်ပြခဲ့ပါတယ်။ ဒီလောက် ကြီးကျယ်လေးနက် ထင်ရှားတဲ့ မြတ်စွာဘုရား ရောင်ခြည်တော်ဘွဲ့ သီချင်းခံကြီး တစ်ပုဒ်လုံး မေ့ကျန်ခဲ့မှာ မဟုတ်တန်ရာကြောင်းနဲ့ မြဝတီမင်းကြီးက သူ မရေးခဲ့လို့သာ ပေမူစာစုမှာ ထည့်သွင်းမဖော်ပြတာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုပါတယ်။
မြန်မာသီချင်းကြီး တစ်ဆယ့်ငါးပုဒ်အဖွင့် စာအုပ်မှာ ဆရာကြီး ဦးဂုမ္ဘဏ်နဲ့ ဦးအောင်သိန်း (နန်းညွန့်ဆွေ) တို့ရဲ့ ဆွေးနွေး ဖော်ပြချက်မှာလဲ-
ထူးမခြားနား သီချင်းခံကို ဘယ်သူရေးတယ်၊ ဘာကြောင့်ရေးတယ်ဆိုတာ အမျိုးမျိုး ပြောဆိုကြပါတယ်။
ဘကြီးတော်လက်ထက် နန်းဦးစွယ်တော်စင်က ရောင်ခြည်တော်ကွန့်မြူးလို့ ဘကြီးတော်ဘုရားက ညတွင်းချင်း မြဝတီမင်းကြီးဦးစကို ခေါ်ပြီး ရောင်ခြည်တော်ဘွဲ့ သီချင်းတစ်ပုဒ်ကို မောင်းထောင်သာသနာပိုင် လူထွက်ဆရာကြီး မဟာဓမ္မသင်္ကြန်ဦးမြတ်နေနဲ့ တိုင်ပင်ရေးသားခိုင်းပြီး နောက်နေ့မနက် ညီလာခံမှာ ဆက်သွင်းစေတယ်လို့ ဆိုကြကြောင်း
အချို့ကလဲ ဘကြီးတော်လက်ထက် နန်းဦးစွယ်တော်စင် ဘုရားဆောင်က ရောင်ခြည်တော်မြူးလို့ ဘကြီးတော်ဟာ ဦးစကို သီချင်းရေးခိုင်းလိုက်ကြောင်း၊ ဦးစဟာ မောင်းထောင်ကျောင်းကို အသွားမှာ စေတီရင်ပြင်မှာ အဖိုးအိုတစ်ယောက်က စောင်းတီးပြီး လုံမငယ်တစ်ယောက်က ဂန္ဓမာတောင် သီချင်းကို ဆိုလျက် ဘုရားကို ပူဇော်နေသည်ကို တွေ့ရာ အဖိုးအိုထံမှ စောင်းကိုယူပြီး အသံစမ်းရင်း ထူးမခြားနားသီချင်းကို ရေးခဲ့ကြောင်း၊ နောက်တစ်နေ့ ညီလာခံတွင် ဦးစက စောင်းတီး၍ သီဆိုဆက်သွင်းကြောင်း
ဝက်မစွတ်ဝန်ထောက်မင်းဘုရား ပုရပိုက်စုမှာ မြောင်လှဝန်ထောက်မင်း ပြောပြသည်ကို ဝက်မစွတ်ဝန်ထောက်မင်းက ကင်းဝန်မင်းကြီးအား ပြန်ပြောရာတွင် ထူးမခြားနား သီချင်းကို မြဝတီမင်းကြီးဦးစ ရေးသည်ဟု ဖော်ပြထားကြောင်း
ထိုအချက်ရဲ့ တရားခံကို ဘယ်မှာတွေ့ရလဲဆိုရင် ထူးမခြားနား မဆိုခင် ရှေးက ပတ်သီချင်းခံ ဆိုပါတယ်၊ ပြီးမှ ထူးမခြားနား ဆက်လို့ စွယ်တော်ကြိုးနဲ့ ပိတ်လေ့ရှိပါတယ်။ မင်္ဂလာနိဒါန်း ပတ်သီချင်းခံကို နားထောင်ကြည့်မိလိုက်မှ အဲ့မှာ ထူးမခြားနားသီချင်း ဖြစ်တည်လာပုံကို ရေးဖွဲ့ထားတည သိလိုက်ရပြီး မြဝတီခေါ် စာဆိုတော်သည် လို့ ဖော်ပြလိုက်တာဟာ တက်တက်စင်အောင် လွဲသွားတာပါဘဲ။
ရေးသူအမည်မသိသော ရှေးပုရပိုက်တစ်ဆူတွင် အလွန်ဟောင်း၍ ရှေးကျသော သီချင်းကြီးဖြစ်ကြောင်း၊ ဦးလွမ်းပြေရေးသည်ဟု အတိအလင်း ဖော်ပြခဲ့သည်ကို တွေ့ရကြောင်း
ဦးလွမ်းပြေ ဘယ်သူလဲ ခြေရာကောက်ရာ ကျက်သရေဆောင် ရွှေစလွယ်ရ အရေးပိုင်မင်း ဦးထွန်းကျော် ပြုစုသည့် မြန်မာစာညွန့်ပေါင်းကျမ်း ဒုတိယတွဲမှာ ဦးလွမ်းပြေ ဆိုသူဟာ ရွှေဘိုမင်းလက်ထက် ပခန်းကြီးမြို့အနောက်ရှိ ဗျသီဆယ်ရွာစား ဟု ဖော်ပြထားသဖြင့် ဦးလွမ်းပြေမှာ မြဝတီမင်းကြီးထက် အသက်ငယ်ရမည် ဖြစ်ကြောင်း၊ ရွှေဘိုမင်းလက်ထက်တွင် ပတ်ပျိုး၊ ယိုးဒယား စသည့် သံဆန်းသီချင်းများ ခေတ်စားနေချိန်တွင် ရှေးက ရေးခဲ့ကြသော သီချင်းခံကြီးကို ပြန်ရေးမည်မှာ မဖြစ်နိုင်ခြင်းကြောင့် ဦးထွန်းကျော်၏ ဖော်ပြချက် မှားယွင်းကြောင်း
မဟာဂီတတေးသီချင်းများကို စိစစ်ရာတွင် ဦးလွမ်းပြေသည် ကြိုး၊ ဘွဲ့၊ သီချင်းခံ အမျိုးအစား သီချင်းများကိုသာ ရေးသားခဲ့သည်ကို တွေ့ရခြင်း၊ ၄င်း ရေးခဲ့သော သီချင်းများ၏ တေးသွားနှင့်စာသားတိုင်းသည် ရှေးဆန်နေခြင်းတို့ကို လေ့လာတွေ့ရကြောင်း၊ ၄င်း ရေးခဲ့သော တောဟေဝန်တောင် နှင့် ရွှေစံပယ်ရုံ သီချင်းခံကြီးတို့ကို ဂီတဝိသောဓနီကျမ်းတွင် ဖော်ပြရာမှာ ဟံသာဝတီရောက်မင်း၏ ဘိုးတော်ဘုရားလက်ထက်တွင် ဗျသီဆယ်ရွာစား ဦးလွန်းပြေ ရေးသည်ဟု ဖော်ပြထားသည်ကို တွေ့ရပေသည်။
ဟံသာဝတီရောက်မင်း၏ ဘိုးတော်ဘုရားလက်ထက် ဟု ဖော်ပြချက်အရ အလောင်းမင်းတရားကြီးလက်ထက်တွင် ဟံသာဝတီပါမင်းဟု မခေါ်စေရ၊ ဟံသာဝတီရောက်မင်းဟုသာ ခေါ်ရမည်ဟု ပဉာတ်တော်မူချက်ကို ထောက်၍ ထို ဟံသာဝတီရောက်မင်းမှာ ဒုတိယအင်းဝခေတ် နောက်ဆုံးမင်းဖြစ်သော မဟာဓမ္မရာဇာဓိပတိမင်း ဖြစ်ကြောင်း၊ မြန်မာသက္ကရာဇ် ၁၁၁၃ ခုတွင် မွန်တို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဟံသာဝတီသို့ ပါတော်မူသွားရသဖြင့် ဟံသာဝတီရောက်မင်းဟု ခေါ်ကြရာ ၄င်း၏ ဘိုးတော်မှာ မြန်မာသက္ကရာဇ် ၁၀၆၀ ပြည့်နှစ်တွင် နန်းတက်သော မာရ်အောင်ဘုရားဒါယကာ စနေမင်း ဖြစ်သောကြောင့် ဦးလွမ်းပြေမှာ ဒုတိယအင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သော စာဆိုတော်ကြီးဟု မှတ်ယူရမည် ဖြစ်ကြောင်း
စနေမင်းလက်ထက် အင်းဝတွင် စွယ်တော်ရှိ/ မရှိ ရှာဖွေရာ စနေမင်း၏ ခမည်းတော် မင်းရဲကျော်ထင် လက်ထက်တွင် စွယ်တော်ကို ၁၀၄၈ ခု၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်၌ ကန်တော်အရပ်တွင် စွယ်တော်ရှိကြောင်း သိရ၍ ဝေါပလ္လင်ဖြင့်ပင့်ကာ တော်သလင်းလတွင် စွယ်တော်ရောက်ပြီး တဲတော်ဆိပ်မှ ရတနာဆင်တော်ထက်တင်၍ စံရာတံခါးက ဆောင်ယူတော်မူပြီး လွှတ်တော်ရှေ့ စွယ်တော်စင်တွင် သီတင်းသုံးကိုးကွယ်သည် ဟု ရာဇဝင်များ၌ ဖော်ပြရုံသာမက မင်းရဲကျော်ထင်အား စွယ်တော်ဒါယကာဟု ရေးသားဖော်ပြကြသည်ကို တွေ့ရပါသည်။
ထိုရာဇဝင်စာများအရ စွယ်တော်စင်သည် လွှတ်တော်ရှေ့ တွင်ရှိရာ ဇေတဝန်ဆောင်၊ မှန်နန်းဆောင်၊ လေသာဆောင် တို့နှင့် နီးကပ်နေသည်။ ထူးမခြားနား သီချင်းခံကြီး၏ စာသားတွင်လည်း " ဇေတဝန်နန်း၊ ခြားသန်းလေသာ၊ စံဆောင်တည့်လယ်ချာ၊ ဘုံသာနန်းမ" ဟူသော စာသားများကို တွေ့ရပြန်ပါသည်။
ထို့ကြောင့် ဦးလွန်းပြေ ရေးသည်ဟူသော အဆိုမှာ မြေပြင် အထောက်အထားများအရ ခိုင်မာ အားကောင်းလာပါသည်။
တစ်ဖန် မဟာဂီတသီချင်းများတွင် ဦးတရုပ်(ထိုခေတ် အရေးအသားအတိုင်း ဖော်ပြသည်) ရေးသော မှိုင်းအဆန်းဆန်း အစချီ တန်ခူးလရာသီမိုးဘွဲ့ သီချင်းခံလတ် သည် ထူးမခြားနား အလိုက်အတိုင်း (သံစဥ် copy) ယူထားသည်ကို တွေ့ရပါသည်။ ဦးတရုပ်မှာ ဘိုးတော်ဘုရားလက်ထက် လက်ဝဲဆိုင်းတော်မှ ဆိုင်းဆရာကြီးဖြစ်ရာ မြဝတီမင်းကြီးဦးစ၏ ဆရာအရင်း ဖြစ်နေသည်ကို တွေ့ရပါသည်။ ဦးစသည် ဦးတရုပ်ထံတွင် ကြေးတီးသမားဘဝမှ စ၍ အလုပ်ဝင်ခဲ့သူ ဖြစ်ပါသည်။ တပည့်ဖြစ်သူရေးသော သီချင်းအလိုက်ကို ဆရာက ယူမည်မှာ မည်သို့မှ မဖြစ်နိုင်ပေ။ ဘိုးတော်ဘုရားလက်ထက်တွင် ထူးမခြားနားအလိုက် သီချင်းများဖြစ်သော မှိုင်းအဆန်းဆန်း၊ ဘုန်းအကြီးဆုံး၊ ဆန်းအထူးထူး၊ နှင်းတမြူမြူး၊ ဇောင်းကလောအင်း စသည့် သီချင်းများ ခေတ်စားခဲ့သည်ကို သတိပြုရပေမည်။ ထို့ကြောင့် ထူးမခြားနားသည် ကုန်းဘောင်ခေတ် မြဝတီမင်းကြီးထက်စောသော အင်းဝခေတ်ကပင် ရှိခဲ့ပြီ ဖြစ်သည်မှာ ပို၍ ခိုင်မာလာပါသည်။
ဘိုးတော်ဘုရားလက်ထက် ၁၁၅၁ ခုနှစ်တွင် တရုတ်ဥတည်မင်းက သကျမုနိရုပ်ပွားတော်နှင့် စွယ်တော်တစ်ဆူ ပူဇော်ရန် ပေးခဲ့သော်လည်း ယင်းတို့ကို မင်းကွန်းပုထိုးတော်ကြီးတွင် ဌာပနာလိုက်ကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယတွဲတွင် အတိအလင်း ဖော်ပြထားပါသည်။ ထို့အပြင် ဘကြီးတော်လက်ထက် နန်းတော်တွင် စွယ်တော်စင် မရှိကြောင်း ယင်းအချက်က ထောက်ခံနေသဖြင့် ဘကြီးတော်ဘုရားက စွယ်တော်စင်မှ ရောင်ခြည်တော်ကွန့်မြူး၍ မြဝတီမင်းကြီးအား ရေးခိုင်သည် ဟူသော အဆိုမှာ မည်သို့မှ မဖြစ်နိုင်တော့ပေ။
နိုင်ငံတော်မူ မဟာဂီတ စာအုပ်တွင် ဖော်ပြထားပုံကလဲ-
ဘကြီးတော်လက်ထက် စွယ်တော်စင်မှ ရောင်ခြည်တော် ကွန့်မြူး၍ မြဝတီမင်းကြီးအား မောင်းထောင် ဆရာကြီး ဦးမြတ်နေနှင့် တိုင်ပင်၍ ရေးဆက်စေသည့်အဆိုနှင့် ကွမ်းဖိုးထိန်းပေမူအဆိုအရ ဗျသီဆယ်ရွာစားဦးလွန်းပြေသည် စနေမင်းလက်ထက်တွင် ထူးမခြားနားအလိုက် ထပ်တူဖြစ်သော များမဝေးလွန်း သီချင်းခံကို ရေးသည်ဟု လုံးချ ဖော်ပြထားသည်ကို တွေ့ရပါသည်။
သီချင်းခံအများစုသည် သံစဥ် copy များ ယူ၍ ရေးခဲ့ကြသဖြင့်သာ ထူးမခြားနား သီချင်းခံကြီး၏ မူရင်းကို သံစဥ် copy များမှ အဆင့်ဆင့် ပြန်ဖော်ထုတ်နိုင်ခဲ့သည်မှာ ထူးမခြားနား၏ ထူးခြားချက်ပင် ဖြစ်ပေသည်။
မြဝတီမင်းကြီးဦးစဟာ ရွှေဘုံနိဒါန်း နဲ့လဲ ခုလို နာမည်ကြီး ခဲ့သေးတယ်၊ အရင်က ဦးစဟာ ငယ်ငယ်ရွယ်ရွယ် အရွယ်နဲ့ မလိုက်အောင် ရေးခဲ့တာလို့ အဆက်ဆက် ပြောလာရာက နောက်မှ အထောက်အထား အခိုင်အမာနဲ့ ဇေယျသင်္ခယာ ရေးတယ်ဆိုတာ ပေါ်လာခဲ့ရဘူးတယ်။ အိမ်ရှေ့အတွင်းဝန် ဇေယျသင်္ခယာဆိုတာ ဦးစရဲ့ ဆရာပါ။
Copy ကိစ္စက ခုခေတ်မှ ဖြစ်လာတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၄၀၀ ဝန်းကျင်ကတည်းက မြန်မာတွေ copy နဲ့ တိုင်ပတ်လာတာ ထူးမခြားနားက သက်သေခံနေတာပါဘဲ။
ဘယ်သူက ဘယ်သူ့သီချင်းကို ကူးချတာလဲတော့ ကာယကံရှင်တွေဘဲ သိနိုင်မှာပါ။
သို့သော် နိုင်ငံတော်မူ မဟာဂီတ စာအုပ်တွင် တေးရေး ဖော်ပြချက်၌ ဘကြီးတော်လက်ထက် မြဝတီမင်းကြီး ဦးစ ဟု ဖော်ပြပြီး အောက်ခြေမှတ်စုတွင်သာ မူရင်း တေးရေးကို လုံးချ ဖော်ပြထားသည်မှာ စိတ်မကောင်းဖွယ်ရာ ဖြစ်ရကြောင်း စာရေးသူ၏ ဆန္ဒကို ဖော်ပြအပ်ပါသည်။
#တင်လတ်ယု
No comments:
Post a Comment