Thursday, October 12, 2023

ထူးမခြားနား (အပိုင်း ၂)

ထူးမခြားနား သီချင်းအ​ကြောင်း အနှစ်ချုပ်က​တော့ အပိုင်း ၁ မှာလဲ ​ပြောပြီးပါပြီ၊ အပိုင်း ၂ က စွယ်​​တော်စင်နဲ့ စွယ်​တော် ရှိ/မရှိ ရှာရင်း  ဝိဝါဒကွဲ​နေတဲ့ တေး​ရေး ခြေရာ​ကောက် ဆိုရမလားဘဲ ဆက်​​ပြောရပါဦးမယ်။ 


​ရွှေနန်းထွက်မဟာဂီတကျမ်း ​ရေးသားသူ စန္ဒယားဆရာမြိုင် ရဲ့ အဆိုက​တော့-


ဘိုး​တော်ဘုရား နတ်ပြည်စံပြီး​နောက် ဖလ်နန်းရှင် ဘကြီး​တော်ဘုရား နန်းတက်ချိန်မှာ "အိုအို​အေတို့​ရေ၊ ​နေရာ​ဟောင်း ​ပြောင်းကြစို့​လေ" ဆိုတဲ့ တ​​ဘောင်တစ်ရပ် ​ပေါ်ထွက်လာပြီး ​ရတနာပူရပြည်မှာ ရောဂန္တရကပ်ဆိုက်လို့ ဘကြီး​တော်ဟာ မှန်နန်းစတုတ္ထ ပြည်အင်းဝကို ​ပြောင်း​ရွှေ့စံမြန်းခဲ့ပါတယ်၊ အဲ့အချိန်မှာ စွယ်​တော်စင်က ​​ရောင်ခြည်​တော်​ခြောက်သွယ် ကွန့်မြူးလို့ ​တေး​ရေး ဆက်သွင်းဖို့ မြဝတီမင်းကြီးကို တာဝန်​ပေးခဲ့​ကြောင်း သံယုတ်ဆရာ​တော်ဘုရား ဗြဟ္မာဘုံနန်း မြန်းမကြွခင် သက္ကရာဇ် ၁၂၈၃ ခုနှစ်မှာ မိန့်ကြား​တော်မူခဲ့​ကြောင်းကို ရန်ကုန်မြို့ရှိ သရစိမ်းမိဖုရားအိမ်​တော်မှာ ခစား​နေတဲ့ အဆို​တော်ကြီး ဦး​ကြွေက မိန့်ခဲ့တယ်လို့ စန္ဒယားမြိုင်က ဆိုထားပါတယ်။


မြဝတီစာစု သီချင်းစု စာအုပ်မှာ ဒဂုံခင်ခင်​လေးက ခုလို ဆိုပြန်ပါတယ်-


ဒဂုံခင်ခင်​လေးဆိုတာ ဝက်မစွတ်ဝန်​​ထောင်မင်းရဲ့ ​မြေး ဖြစ်ပြီး အဖိုးဖြစ်သူ ဝက်မစွတ်မင်းဘုရားထံက အ​မွေ​တွေ ရခဲ့သူပါ။ ဒဂုံခင်ခင်​လေးရခဲ့တဲ့ အ​မွေ​တွေထဲမှာ မြဝတီစာစုနဲ့ သီချင်းစု ​ပေမူလဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။


ပုဂံမင်းလက်ထက်မှာ မင်းတုန်းမင်းသားရဲ့ အမိန့်အရ မြဝတီမင်းကြီးဟာ သူ​ရေးခဲ့သမျှစာ​တွေ၊ သီချင်း​တွေကို စုစည်းလို့ ​ပေထက်အက္ခရာမှတ်တမ်းတင် ​ရေးရပါတယ်။ 


မြဝတီမင်းကြီးဟာ ​သူ​ရေးခဲ့သမျှ ​ဒွေးချိုးသဖြန်ကအစ၊ အ​သေးအဖွဲအကုန် ​ရေးသား​ဖော်ပြခဲ့ပါတယ်။ ဒီ​လောက် ကြီးကျယ်​လေးနက် ထင်ရှားတဲ့ မြတ်စွာဘုရား ​ရောင်ခြည်​​တော်ဘွဲ့ သီချင်းခံကြီး တစ်ပုဒ်လုံး ​မေ့ကျန်ခဲ့မှာ မဟုတ်တန်ရာ​ကြောင်းနဲ့ မြဝတီမင်းကြီးက သူ မ​ရေးခဲ့လို့သာ ​ပေမူစာစုမှာ ထည့်သွင်းမ​ဖော်ပြတာ ဖြစ်​ကြောင်း သုံးသပ်တင်ပြလိုပါတယ်။


မြန်မာသီချင်းကြီး တစ်ဆယ့်ငါးပုဒ်အဖွင့် စာအုပ်မှာ ဆရာကြီး ဦးဂုမ္ဘဏ်နဲ့ ဦး​အောင်သိန်း (နန်းညွန့်​​ဆွေ) တို့ရဲ့ ဆွေး​နွေး ​ဖော်ပြချက်မှာလဲ-


ထူးမခြားနား သီချင်းခံကို ဘယ်သူ​ရေးတယ်၊ ဘာ​ကြောင့်​ရေးတယ်ဆိုတာ အမျိုးမျိုး ​ပြောဆိုကြပါတယ်။

 

ဘကြီး​တော်လက်ထက် နန်းဦးစွယ်​တော်စင်က ​ရောင်ခြည်​​တော်ကွန့်မြူးလို့ ဘကြီး​တော်ဘုရားက ညတွင်းချင်း မြဝတီမင်းကြီးဦးစကို ​ခေါ်ပြီး ​ရောင်ခြည်​တော်ဘွဲ့ သီချင်းတစ်ပုဒ်ကို ​မောင်းထောင်သာသနာပိုင် လူထွက်ဆရာကြီး မဟာဓမ္မသင်္ကြန်ဦးမြတ်​နေနဲ့ တိုင်ပင်​ရေးသားခိုင်းပြီး ​နောက်​နေ့မနက် ညီလာခံမှာ ဆက်သွင်း​စေတယ်လို့ ဆိုကြ​ကြောင်း


အချို့ကလဲ ဘကြီး​တော်လက်ထက် နန်းဦးစွယ်​တော်စင် ဘုရား​ဆောင်က ​ရောင်ခြည်​တော်မြူးလို့ ဘကြီး​တော်ဟာ ဦးစကို သီချင်း​ရေးခိုင်းလိုက်​ကြောင်း၊ ဦးစဟာ ​မောင်း​ထောင်​ကျောင်းကို အသွားမှာ ​စေတီရင်ပြင်မှာ အဖိုးအိုတစ်​ယောက်က ​စောင်းတီးပြီး လုံမငယ်တစ်​ယောက်က ဂန္ဓမာ​တောင် သီချင်းကို ဆိုလျက် ဘုရားကို ပူ​ဇော်​နေသည်ကို ​တွေ့ရာ အဖိုးအိုထံမှ ​စောင်းကိုယူပြီး အသံစမ်းရင်း ထူးမခြားနားသီချင်းကို ​ရေးခဲ့​ကြောင်း၊ ​နောက်တစ်​နေ့ ညီလာခံတွင် ဦးစက ​စောင်းတီး၍ သီဆိုဆက်သွင်း​ကြောင်း


ဝက်မစွတ်ဝန်​ထောက်မင်းဘုရား ပုရပိုက်စုမှာ ​မြောင်လှဝန်​ထောက်မင်း ​ပြောပြသည်ကို ဝက်မစွတ်ဝန်​ထောက်မင်းက ကင်းဝန်မင်းကြီးအား ပြန်​ပြောရာတွင် ထူးမခြားနား သီချင်းကို မြဝတီမင်းကြီးဦးစ ​ရေးသည်ဟု ​ဖော်ပြထား​ကြောင်း


ထိုအချက်ရဲ့ တရားခံကို ဘယ်မှာ​တွေ့ရလဲဆိုရင် ထူးမခြားနား မဆိုခင် ​ရှေးက ပတ်သီချင်းခံ ဆိုပါတယ်၊ ပြီးမှ ထူးမခြားနား ဆက်လို့ စွယ်​တော်ကြိုးနဲ့ ပိတ်​လေ့ရှိပါတယ်။ မင်္ဂလာနိဒါန်း ပတ်သီချင်းခံကို နား​ထောင်ကြည့်မိလိုက်မှ အဲ့မှာ ထူးမခြားနားသီချင်း ဖြစ်တည်လာပုံကို ​ရေးဖွဲ့ထားတည သိလိုက်ရပြီး မြဝတီ​ခေါ် စာဆို​တော်သည် လို့ ​ဖော်ပြလိုက်တာဟာ တက်တက်စင်​အောင် လွဲသွားတာပါဘဲ။


​ရေးသူအမည်မသိ​သော ​ရှေးပုရပိုက်တစ်ဆူတွင် အလွန်​ဟောင်း၍ ​ရှေးကျ​သော သီချင်းကြီးဖြစ်​ကြောင်း၊ ဦးလွမ်း​ပြေ​ရေးသည်ဟု အတိအလင်း ​ဖော်ပြခဲ့သည်ကို ​တွေ့ရ​ကြောင်း


ဦးလွမ်း​ပြေ ဘယ်သူလဲ ​ခြေရာ​ကောက်ရာ ကျက်သ​ရေ​ဆောင် ​ရွှေစလွယ်ရ အ​ရေးပိုင်မင်း ဦးထွန်း​ကျော် ပြုစုသည့် မြန်မာစာညွန့်​ပေါင်းကျမ်း ဒုတိယတွဲမှာ ဦးလွမ်း​ပြေ ဆိုသူဟာ ​ရွှေဘိုမင်းလက်ထက် ပခန်းကြီးမြို့အ​နောက်ရှိ ဗျသီဆယ်ရွာစား ဟု ​ဖော်ပြထားသဖြင့် ဦးလွမ်း​ပြေမှာ မြဝတီမင်းကြီးထက် အသက်ငယ်ရမည် ဖြစ်​ကြောင်း၊ ​ရွှေဘိုမင်းလက်ထက်တွင် ပတ်ပျိုး၊ ယိုးဒယား စသည့် သံဆန်းသီချင်းများ ​ခေတ်စား​နေချိန်တွင် ​ရှေးက ​ရေးခဲ့ကြ​သော သီချင်းခံကြီးကို ပြန်​ရေးမည်မှာ မဖြစ်နိုင်ခြင်း​ကြောင့် ဦးထွန်း​ကျော်၏ ​ဖော်ပြချက် မှားယွင်း​ကြောင်း


မဟာဂီတ​တေးသီချင်းများကို စိစစ်ရာတွင် ဦးလွမ်း​ပြေသည် ကြိုး၊ ဘွဲ့၊ သီချင်းခံ အမျိုးအစား သီချင်းများကိုသာ ​ရေးသားခဲ့သည်ကို ​တွေ့ရခြင်း၊ ​၄င်း ​ရေးခဲ့​သော သီချင်းများ၏ တေးသွားနှင့်စာသားတိုင်းသည် ​ရှေးဆန်​နေခြင်းတို့ကို ​လေ့လာ​​တွေ့ရ​ကြောင်း၊ ၄င်း ​ရေးခဲ့​သော ​တော​ဟေဝန်​တောင် နှင့် ​ရွှေစံပယ်ရုံ သီချင်းခံကြီးတို့ကို ဂီတဝိ​သောဓနီကျမ်းတွင် ​ဖော်ပြရာမှာ ဟံသာဝတီ​ရောက်မင်း၏ ဘိုး​တော်ဘုရားလက်ထက်တွင် ဗျသီဆယ်ရွာစား ဦးလွန်း​ပြေ ​ရေးသည်ဟု ​ဖော်ပြထားသည်ကို ​တွေ့ရ​ပေသည်။


ဟံသာဝတီ​ရောက်မင်း၏ ဘိုး​တော်ဘုရားလက်ထက် ဟု ​ဖော်ပြချက်အရ အ​လောင်းမင်းတရားကြီးလက်ထက်တွင် ဟံသာဝတီပါမင်းဟု မ​ခေါ်​စေရ၊ ဟံသာဝတီ​ရောက်မင်းဟုသာ ​ခေါ်ရမည်ဟု ပဉာတ်​တော်မူချက်ကို ​ထောက်၍ ထို ဟံသာဝတီ​ရောက်မင်းမှာ ဒုတိယအင်းဝ​ခေတ် ​နောက်ဆုံးမင်းဖြစ်​​သော မဟာဓမ္မရာဇာဓိပတိမင်း ဖြစ်​ကြောင်း၊ မြန်မာသက္ကရာဇ် ၁၁၁၃ ခုတွင် မွန်တို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်ပြီး​နောက် ဟံသာဝတီသို့ ပါ​​တော်မူသွားရသဖြင့် ဟံသာဝတီ​ရောက်မင်းဟု ​ခေါ်ကြရာ ၄င်း၏ ဘိုး​တော်မှာ မြန်မာသက္ကရာဇ် ၁၀၆၀ ပြည့်နှစ်တွင် နန်းတက်​သော မာရ်​အောင်ဘုရားဒါယကာ စ​နေမင်း ဖြစ်​သော​ကြောင့်  ဦးလွမ်း​ပြေမှာ ဒုတိယအင်းဝ​ခေတ်တွင် ​ပေါ်ထွန်းခဲ့​သော စာဆို​တော်ကြီးဟု မှတ်ယူရမည် ဖြစ်​ကြောင်း


စ​နေမင်းလက်ထက် အင်းဝတွင် စွယ်​တော်ရှိ​/ မရှိ ရှာ​ဖွေရာ စ​နေမင်း၏ ခမည်း​တော် မင်းရဲ​ကျော်ထင် လက်ထက်တွင် စွယ်​တော်ကို ၁၀၄၈ ခု၊ ဝါ​ခေါင်လပြည့်​ကျော် ၁၀ ရက်၌ ​ကန်​တော်အရပ်တွင် စွယ်​တော်ရှိ​ကြောင်း သိရ၍ ဝေါပလ္လင်ဖြင့်ပင့်ကာ ​တော်သလင်းလတွင် စွယ်​တော်​ရောက်ပြီး တဲ​တော်ဆိပ်မှ ရတနာဆင်​တော်ထက်တင်၍ စံရာတံခါးက ​ဆောင်ယူ​တော်မူပြီး လွှတ်​တော်​ရှေ့ စွယ်​တော်စင်တွင် သီတင်းသုံးကိုးကွယ်သည် ဟု ရာဇဝင်များ၌ ​ဖော်ပြရုံသာမက မင်းရဲ​ကျော်ထင်အား စွယ်​တော်ဒါယကာဟု ​ရေးသား​ဖော်ပြကြသည်ကို ​တွေ့ရပါသည်။


ထိုရာဇဝင်စာများအရ စွယ်​တော်စင်သည် လွှတ်​တော်​ရှေ့ တွင်ရှိရာ ​ဇေတဝန်​ဆောင်၊ မှန်နန်း​ဆောင်၊ ​လေသာ​ဆောင် တို့နှင့် နီးကပ်​နေသည်။ ထူးမခြားနား သီချင်းခံကြီး၏ စာသားတွင်လည်း " ​ဇေတဝန်နန်း၊ ခြားသန်း​လေသာ၊ စံ​ဆောင်တည့်လယ်ချာ၊ ဘုံသာနန်းမ" ဟူ​သော စာသားများကို ​တွေ့ရပြန်ပါသည်။


ထို့​ကြောင့် ဦးလွန်း​ပြေ ​ရေးသည်ဟူ​သော အဆိုမှာ ​မြေပြင် အ​ထောက်အထားများအရ ခိုင်မာ အား​ကောင်းလာပါသည်။ 


တစ်ဖန် မဟာဂီတသီချင်းများတွင် ဦးတရုပ်(ထို​ခေတ် အ​ရေးအသားအတိုင်း ​ဖော်ပြသည်) ​ရေး​သော မှိုင်းအဆန်းဆန်း အစချီ တန်ခူးလရာသီမိုးဘွဲ့ သီချင်းခံလတ် သည် ထူးမခြားနား အလိုက်အတိုင်း (သံစဥ် copy) ယူထားသည်ကို ​တွေ့ရပါသည်။ ဦးတရုပ်မှာ ဘိုး​တော်ဘုရားလက်ထက် လက်ဝဲဆိုင်း​တော်မှ ဆိုင်းဆရာကြီးဖြစ်ရာ မြဝတီမင်းကြီးဦးစ၏ ဆရာအရင်း ဖြစ်​နေသည်ကို ​တွေ့ရပါသည်။ ဦးစသည် ဦးတရုပ်ထံတွင် ​ကြေးတီးသမားဘဝမှ စ၍ အလုပ်ဝင်ခဲ့သူ ဖြစ်ပါသည်။ တပည့်ဖြစ်သူ​ရေး​သော သီချင်းအလိုက်ကို ဆရာက ယူမည်မှာ မည်သို့မှ မဖြစ်နိုင်​ပေ။ ဘိုး​တော်ဘုရားလက်ထက်တွင် ထူးမခြားနားအလိုက် သီချင်းများဖြစ်​သော မှိုင်းအဆန်းဆန်း၊ ဘုန်းအကြီးဆုံး၊ ဆန်းအထူးထူး၊ နှင်းတမြူမြူး၊ ​ဇောင်းက​လောအင်း စသည့် သီချင်းများ ​ခေတ်စားခဲ့သည်ကို သတိပြုရ​ပေမည်။ ထို့​ကြောင့် ထူးမခြားနားသည် ကုန်း​ဘောင်​ခေတ် မြဝတီမင်းကြီးထက်​စော​သော အင်းဝ​ခေတ်ကပင် ရှိခဲ့ပြီ ဖြစ်​သည်မှာ ပို၍ ခိုင်မာလာပါသည်။


ဘိုး​တော်ဘုရားလက်ထက် ၁၁၅၁ ခုနှစ်တွင် တရုတ်ဥတည်မင်းက သကျမုနိရုပ်ပွား​တော်နှင့် စွယ်​တော်တစ်ဆူ ပူ​ဇော်ရန် ​ပေးခဲ့​သော်လည်း ယင်းတို့ကို မင်းကွန်းပုထိုး​တော်ကြီးတွင် ဌာပနာလိုက်​ကြောင်း ကုန်း​ဘောင်ဆက် မဟာရာဇဝင်​တော်ကြီး တတိယတွဲတွင် အတိအလင်း ​ဖော်ပြထားပါသည်။ ထို့အပြင် ဘကြီး​တော်လက်ထက် နန်း​တော်တွင် စွယ်​တော်စင် မရှိ​ကြောင်း ယင်းအချက်က ​ထောက်ခံ​နေသဖြင့် ဘကြီး​တော်ဘုရားက စွယ်​တော်စင်မှ ​ရောင်ခြည်​တော်ကွန့်မြူး၍ မြဝတီမင်းကြီးအား ​ရေးခိုင်သည် ဟူ​သော အဆိုမှာ မည်သို့မှ မဖြစ်နိုင်​​တော့​ပေ။


နိုင်ငံ​တော်မူ မဟာဂီတ စာအုပ်တွင် ​​ဖော်ပြထားပုံကလဲ-


ဘကြီး​တော်လက်ထက် စွယ်​တော်စင်မှ ​ရောင်ခြည်​တော် ကွန့်မြူး၍ မြဝတီမင်းကြီး​အား ​မောင်း​ထောင် ဆရာကြီး ဦးမြတ်​နေနှင့် တိုင်ပင်၍ ရေးဆက်​စေသည့်အဆိုနှင့် ကွမ်းဖိုးထိန်း​ပေမူအဆိုအရ ဗျသီဆယ်ရွာစားဦးလွန်း​ပြေသည် စ​နေမင်းလက်ထက်တွင် ထူးမခြားနားအလိုက် ထပ်တူဖြစ်​သော များမ​ဝေးလွန်း သီချင်းခံကို ​ရေးသည်ဟု ​လုံးချ ​ဖော်ပြထားသည်ကို ​တွေ့ရပါသည်။


သီချင်းခံအများစုသည် သံစဥ် copy များ ယူ၍ ​ရေးခဲ့ကြသဖြင့်သာ ထူးမခြားနား သီချင်းခံကြီး၏ မူရင်းကို သံစဥ် copy များမှ အဆင့်ဆင့် ပြန်​ဖော်ထုတ်နိုင်ခဲ့သည်မှာ ထူးမခြားနား၏ ထူးခြားချက်ပင် ဖြစ်​ပေသည်။


မြဝတီမင်းကြီးဦးစဟာ ​ရွှေဘုံနိဒါန်း နဲ့လဲ ခုလို နာမည်ကြီး ခဲ့​သေးတယ်၊ ​​အရင်က ဦးစဟာ ငယ်ငယ်ရွယ်ရွယ် အရွယ်နဲ့ မလိုက်​အောင် ​ရေးခဲ့တာလို့ အဆက်ဆက် ​ပြောလာရာက နောက်မှ အ​ထောက်အထား အခိုင်အမာနဲ့ ​ဇေယျသင်္ခယာ ​ရေးတယ်ဆိုတာ ​ပေါ်လာခဲ့ရဘူးတယ်။ အိမ်​ရှေ့အတွင်းဝန် ​ဇေယျသင်္ခယာဆိုတာ ဦးစရဲ့ ဆရာပါ။ 


Copy ကိစ္စက ခု​ခေတ်မှ ဖြစ်လာတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ် ၄၀၀ ​ဝန်းကျင်ကတည်းက မြန်မာ​တွေ copy နဲ့ တိုင်ပတ်လာတာ ထူးမခြားနားက သက်​သေခံ​နေတာပါဘဲ။


ဘယ်သူက ဘယ်သူ့သီချင်းကို ကူးချတာလဲ​တော့ ကာယကံရှင်​တွေဘဲ သိနိုင်မှာပါ။ 


သို့​သော် နိုင်ငံ​တော်မူ မဟာဂီတ စာအုပ်တွင် ​တေး​ရေး ​ဖော်ပြချက်၌ ဘကြီး​တော်လက်ထက် မြဝတီမင်းကြီး ဦးစ  ဟု ​ဖော်ပြပြီး ​အောက်​ခြေမှတ်စုတွင်သာ မူရင်း ​တေး​ရေးကို လုံးချ ​ဖော်ပြထားသည်မှာ စိတ်မ​ကောင်းဖွယ်ရာ ဖြစ်​​ရကြောင်း ​စာ​ရေးသူ၏ ဆန္ဒကို ဖော်ပြအပ်ပါသည်။

#တင်လတ်ယု

No comments:

Post a Comment