အင်းဝခေတ်ကို အေဒီ ၁၄ ရာစုမှ ၁၇ ရာစုဦး ကြားကာလအဖြစ် ယေဘုယျ သတ်မှတ် နိုင်ပါသည်။ အင်းဝခေတ်ကို ပထမအင်းဝခေတ်၊ ဒုတိယအင်းဝခေတ် (ညောင်ရမ်းခေတ်)နှင့် တတိယအင်းဝခေတ် အဖြစ် မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်ခဲ့ပါသည်။ အင်းဝခေတ်သည် မြန်မာစာပေ၏ ရွှေခေတ်ဟု တင်စားနိုင်ခဲ့သည့်အလျောက် ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု စသည့် စာပေအမျိုးအစား များစွာ ပေါ်ထွက်ခဲ့ပြီး စာဆိုတော်များစွာလည်း ထွန်းကားခဲ့ပါသည်။
အင်းဝခေတ် အမျိုးသမီးတို့၏ ဆံကေသာထုံးဖွဲ့မှုဟန်များကို
စာပေမှတ်တမ်းများနှင့် နံရံဆေးရေးပန်းချီ အထောက်အထားများမှ အများဆုံး တွေ့ရှိရပြီး
ရုပ်တုအချို့တွင်လည်း တွေ့ရ ပါသည်။
ရှင်မဟာရဋ္ဌသာရ၏ “ဝဏ္ဏပဘာ” အစချီ တောက်တဲ့တွန့်ရတုတွင်-
“ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်မူ၊ ကျစ်လျစ်တင့်စမ္ပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြ မြိတ်စို့၊ ဆင်းရောင်ပျို့ကို . . . ရွှေကြက်တောင်ဝယ်၊ ဖြူရောင်ရေးထင်စွ၊ သွယ်ခွေချ၍ . . . ဒေဝစ္ဆရာ၊ ပြင်လျာသက်တင်ရောင်၊ ရွှေကြက်တောင်ဝယ်၊ လှခေါင်ပြစ်မျိုးလွတ်၊ ပြာထွတ်ထွတ် လျှင်၊ ရစ်ပတ်ခြူးမြှောင့်စီ . . .” ဟု ဖော်ပြထားရာ အင်းဝခေတ် အမျိုးသမီးများသည်
မြိတ်ဖြူ၊ မြိတ်စို့၊ မြိတ်ရစ်၊ မြိတ်လွတ် စသည့် ဆံထုံးများနှင့် ကြက်တောင် စည်းလေ့ရှိကြကြောင်းကို ဖော်ထုတ် နိုင်ခဲ့ပါသည်။ ကြက်တောင်တွင်လည်း ဆံကျစ်ဟုခေါ်သော ရွှေဖြင့်ပြုလုပ်ထားသည့် အဆင်တန်ဆာတစ်မျိုးကို ရစ်ပတ်စီးနှောင်လေ့ရှိကြောင်း တွေ့ရပါသည်။ တစ်ဖန် ရှင်မဟာရဋ္ဌသာရက အင်းဝဘုရင် ဒုတိယမင်းခေါင်၏ သမီးတော်များ နားထွင်း
မင်္ဂလာ၌ ဆင်ယင်ထုံးဖွဲ့ခဲ့သော ဆံထုံးပုံစံများကို အမည်နှင့်တကွ “အိုဘဲ့ဘယ် အိုဘဲ့သမီးတော်” အစချီ လင်္ကာတွင်
အောက်ပါအတိုင်း ထည့်သွင်းရေးစပ် ခဲ့သည်ကို တွေ့ရပါသည်-
“ဆံထုံးတော်မြိတ်ဖြူ၊ နတ်တူစိုးမည့်သူဘုရား
. . . ဆံထုံးတော်မြိတ်လွတ်၊ နန်းထွတ်စံမည့်သူ ဘုရား . . . ဆံထုံးတော်ကယင်၊ နန်းတွင်စံမည့်သူဘုရား . . . ဆံထုံးတော်မြိတ်ရစ်၊
သက်ဆစ် ရာကျော်ရှည်တော်မူမည့်သူဘုရား . . .”
အင်းဝခေတ် နန်းတွင်းသူ ဘုရင့်သမီးတော်လေးများသည် “မြိတ်ဖြူ၊ မြိတ်လွတ်၊ မြိတ်ရစ်၊ ကယင်”
စသော ဆံထုံးများဖြင့်
နန်းဓလေ့အခမ်းအနားတွင် ပြင်ဆင် ထုံးဖွဲ့ခဲ့ကြ သည်ကို တွေ့ရပါသည်။
ရှင်အဂ္ဂသမာဓိ ရေးစပ်ခဲ့သော ကဗျာတွင် အင်းဝခေတ်အရပ်သူလေးများ အလှူအတန်း
သွားရာတွင် ထုံးဖွဲ့လေ့ရှိသော ဆံထုံးပုံစံကို မှတ်တမ်းတင် ခဲ့သည်မှာ-
“ဆံစုဘွဲ့ချည်၊ ရသည့်ဝတ်ကောင်း၊
နားဋောင်းလက်စွပ်၊ လက်ကြပ်ပတီး၊ ညီးရရီးလျှင်၊ သမီးလုလင်၊ ဆင်ယင်စလို၊
စိမ်းညိုဝါရွှေ၊ ပြာခြေနုရင့်၊ တင့်ပစေလျက်၊ အသရေတောက်ပ၊ ရောင်လှဆင်းရွယ်၊
စီကာသွယ်လျှင်၊ စံပယ်ပန်လျက်၊ သဘင်ထွက်၏” ဟု ဖော်ပြထားရာ ဆံပင် ကို ဘွဲ့ဖြူစဖြင့်
ချည်နှောင်စုထုံးလျက် စံပယ်ပန်း ပန်ဆင်သွားကြောင်း တွေ့ရပေသည်။
ရှင်တေဇောသာရ၏ အင်းဝခေတ် ရခိုင်နန်းတွင်းသူတစ်ဦး၏ ဟန်ပန်ကို ရေးဖွဲ့ထားသော
ရတုတွင်-
“ရွှေရည်ရုပ်ထု၊ ပုံသွင်းပြုသို့၊
ပျိုနုလတ်လတ်၊ ဝင်းရှိမ်းမတ်မူ၊ သွယ်ပတ်ဝေဝေ၊ ထုံးနှောင်ခွေနှင့်၊ တင့်နေစလှ၊
ဆည်းရီညဝယ်၊ လွလွဖြူစင်၊ ပေါ်ရုံတင်၍၊ ထမ်းစင်ယာဉ်သာ၊ စီးစကာတည့်၊ သူဇာ ပေပင်၊
ရှင့်ဆင်းပြင်မူ၊ မြင်လျှင်လွန်ကြူး၊ အံ့မိန်းမူးသည်၊ သောက်ရှူးသော်တာ အရောင်လော” ဟု ဖော်ပြထားရာ ရခိုင်နန်းတွင်းသူလေးသည် ဆံပင်ကို
အခွေအခွေ ရစ်ပတ် ထုံးဖွဲ့ထားကြောင်း ဖော်ထုတ်သိရှိရပါသည်။
ခေတ်ပြိုင် အထောက်အထားဖြစ်သော နံရံဆေးရေးပန်းချီလက်ရာများကို လေ့လာရာ
ပုဂံရှိ စူဠာမဏိဘုရား၊ တောင်ဘီကမ္မကျောင်းဦးဘုရား၊ ဥပါလိသိမ်၊ စစ်ကိုင်းရှိ
တိလောကဂုရု လိုဏ်ဂူဘုရား၊ မီးပေါက်ကြီးဘုရား၊ လောကမှန်ကင်းဘုရား၊ မုံရွာရှိ
ဖိုဝင်တောင်လိုဏ်ဂူ၊ အမရ ပူရရှိ ရွှေဂူသာဘုရား စသည်တို့တွင် တွေ့ရသည့်
အမျိုးသမီးရုပ်ပုံများ၌ ဆံပင်ကို ဦးခေါင်းထိပ် အလယ်တွင် စုစီးနှောင်၍ ဆံကျစ်၊
ဆံအုပ်များဖြင့် ဆံပင်ကို နောက်သို့ပြန်ချထားဟန် မြိတ်ဖြူ၊ မြိတ်စို့၊ မြိတ်ရစ်၊
မြိတ်လွတ် ဆံထုံးပုံစံများကို တွေ့ရပါသည်။ ထို့ပြင် ဆံပင်ရှင်းနေဟန်၊ ထုံးဟန်
များကို ရေးဆွဲဖော်ပြထားသည်ကိုလည်း တွေ့ရပါသည်။
ပုဂံမြို့ ဓမ္မရာဇိကဘုရားရှိ နံရံမင်စာ တစ်ခုရှိ အနောက်ဘက်လွန်မင်း
လက်ထက်တွင် ဆရာတော်တစ်ပါး ရေးထိုးခဲ့သော လင်္ကာ ၃ ပိုဒ်အနက် တတိယပိုဒ်တွင်-
“နတ်သွင်ညိမ့်လေး၊ ပျိုငယ်သွေးတို့၊
နံ့မွှေးပေါက်ပြ၊ ဆင်းဝတ်ကြ၍၊ ဇောတလွဲပြောင်း၊ နား ဋောင်းလက်ကြပ်၊
လက်စွပ်ရွှေပန်း၊ ပြောင်ရွှန်းပြိုးပြက်၊ လျှံတက်ဆံကျင်၊ ကိုယ်စီဆင်၍” ဟု အင်းဝခေတ် အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုကို
ဖော်ပြထားရာတွင် ဆံပင်ကို ရွှေဆံကျင်၊ ရွှေပန်းဆံထိုး များဖြင့် အလှဆင်ကြောင်းကို
ဖော်ပြထားပါသည်။
ဓမ္မရာဇိကဘုရား နံရံမင်စာ တစ်ခုတွင်လည်း အင်းဝခေတ် ကချေသည်တို့၏ အပြင်
အဆင်ကို အောက်ပါအတိုင်း ရေးထိုးမှတ်တမ်းတင်ခဲ့ရာတွင်-
“ပန်တျာသည်မ၊ ယဉ်စစနှင့်၊ သွယ်လျလျော့လျဉ်း၊
နဖူးစည်းနှင့်၊ ခါးစည်းလက်ကြပ်၊ ဝင်းဝင်း လျှပ်သား၊ တီးခတ်စည်းကျ၊ ဆို အကတွင်၊
ရွှင်ပျနှလုံး” ဟု
ဖော်ပြထားရာ အင်းဝခေတ် ကချေ သည်တို့သည် ဆံထုံးပေါ်တွင် ဦးသျှောင်နဖူးစည်းကို စည်း၍
ဆံပင်အလှ ပြင်ဆင်ကြသည်ကို တွေ့ရပေသည်။
သမိုင်းမှတ်တမ်းများအရလည်း အင်းဝခေတ်တွင် မင်းသမီးရှင်မြတ်လှကို
အကြောင်းပြု ၍ ဆံပင်အပြင်အဆင် ပုံစံတစ်မျိုး ခေတ်စားခဲ့သည်ကို တွေ့ရှိရပါသည်။
ရှင်မြတ်လှသည် မိဖုရား ဖြစ်မည်ဟု ဇာတာအဟောရှိသော်လည်း မြို့စားကတော်သာ
ဖြစ်ခဲ့ရသည့် ဗျာပါစိတ်ကြောင့် လှေဦးတွင် ဆံပင်ကို ခုတ်ဖြတ်ကာ ဇာတာတွင် ရစ်ခွေ၍
ရေမျှောလိုက်ပါသည်။ ကျန်ရှိသော ဆံပင်များကို မမှိတမှီ ရစ်ခွေထုံးရာမှ နားနောက်တွင်
ဘေးသို့ ကော့ထွက်နေသော ဆံပင်စလေး များမှာ တစ်မျိုးကြည့်ကောင်းနေသောကြောင့်
နန်းတွင်းသူများ အတုယူ ထုံးဖွဲ့ပြင်ဆင်ကြရာမှ အင်းဝခေတ်တွင် “ဗျာပါဆံ” ဟူသော ဆံပင်ပုံစံတစ်မျိုး
ခေတ်စားခဲ့ပါသည်။
No comments:
Post a Comment