ပျူခေတ်ကာလကို ရှေးဟောင်းသုတေသနဌာန၏ Dating သတ်မှတ်ချက်အရ ၂ ရာစု ဘီစီ မှ အေဒီ ၉ ရာစုအထိ သတ်မှတ်နိုင်ပါသည်။ ပျူမြို့ပြပြည်ရွာများကို ဧရာဝတီမြစ်ဝှမ်း လွင်ပြင်နှင့် စမုံမြစ်ဝှမ်းလွင်ပြင်တစ်လျှောက် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ တကောင်း၊ မိုင်းမော (ပင်လယ်)၊ ဝတီး၊ ဘိန္နက၊ သဲကုန်းနှင့် နေပြည်တော်ဝန်းကျင် စသည်တို့တွင် တွေ့ရှိရ ပါသည်။
ပျူခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုဟန်များကို နံရံပန်းချီ အထောက်အထား
များ အနေဖြင့် မတွေ့ရသော်လည်း ပျူခေတ်လက်ရာ ရုပ်တုရုပ်ကြွများနှင့် ခေတ်ပြိုင်
တရုတ် မှတ်တမ်းစာပေများအရ ပြန်လည်ဖော်ထုတ် လေ့လာနိုင်ပါသည်။
တကောင်းခေတ် မောင်ပေါက်ကျိုင်း ခေါ် နဂါးနိုင်မင်း ရာဇဝင်လာ စကားထာတစ်ခု၌ “ရာပေး၍ဆုတ်၊ ထောင်ပေး၍ချုပ်၊ ချစ်သူအရိုး ဆံထိုးလုပ်” ဟူ၍ စပ်ဆိုထားရာ ပျူခေတ်က အမျိုးသမီးတို့သည် ဆံကောသာထုံးဖွဲ့၍ ဆံထိုး ထိုးစိုက်ကာ အလှဆင်လေ့ရှိကြောင်း သိရှိရ ပါသည်။ ထို့အပြင် ခေတ်ပြိုင် ထန်မင်းဆက် တရုတ်မှတ်တမ်း၌ အေဒီ ၈၀၂ ခုနှစ်နှင့် ၈၀၇ ခုနှစ် များတွင် ပျူနိုင်ငံမှ အနုပညာသံအဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံ ချန်အန်းမြို့တော်သို့ သွားရောက် ဖျော်ဖြေခဲ့ကြောင်းကို အသေးစိတ် မှတ်တမ်းတင်ထားရာ ပျူအနုပညာရှင်များတွင် အမျိုးသမီး ကချေသည်များ ပါဝင်ကြောင်းနှင့် ပျူကချေသည် အမျိုးသမီးများ၏ ဆံပင်ဆင်ယင်ထုံးဖွဲ့မှုကို
အောက်ပါအတိုင်း ဖော်ပြထားပါသည် -“…
ပျူအကပညာရှင်များသည်
ခရုသင်းတစ်ချက်မှုတ်လိုက်သော် ဦးထိပ်သျှောင်ထုံးကို တုန်ခါ၍ ကလိုက်ရာ ဦးထိပ်တွင်
ပန်ဆင်ထားသည့် ပုလဲကုံး သို့မဟုတ် ကျောက်မျက်ရတနာကုံးများ သည် ကြယ်တာရာများကဲ့သို့
လင်းလက်သွားကာ၊ ဆင်ယင်ထားသည့် ပန်းကုံးများသည်လည်း မြွေများ တွားသွားသကဲ့သို့
လှုပ်ရှားနေသည့်နှယ် …”[1]
ထို့ကြောင့် ပျူခေတ်အမျိုးသမီး ကချေသည်များသည်
ဦးခေါင်းထိပ်တွင် ဆံပင်ကို ထုံးဖွဲ့ထားကြောင်း၊ ဆံထုံးထက်တွင် ပုလဲနှင့် ကျောက်မျက်ရတနာများ ဖြင့် ပြုလုပ်ထားသော
ပုတီးကုံးများကို ပတ်ထားကြောင်း၊ ပန်းများကို သီကုံး၍ ပန်ဆင်လေ့ရှိ ကြောင်း
ဖော်ထုတ်သိရှိရပါသည်။
တစ်ဖန် ဟန်မင်းဆက် အထွေထွေမှတ်စုတွင် -
“…
ဝတ်ဆင်ထားသည့်
ဝတ်စုံများနှင့် ဦးဗောင်းတို့တွင် ရွှေချူကလေးများ သီချုပ်ထား၍ ခန္ဓာကိုယ်
လှုပ်ရှားလိုက်တိုင်း ရွှေချူလေးများက အသံမြည်ကြ၏
…”[2]
ဟု ဖော်ပြထားရာ ပျူအမျိုးသမီး ကချေသည်တို့သည်
ဦးခေါင်းထက်တွင် ရွှေချူများ တပ်ဆင်ထားသော ဦးသျှောင် ခေါင်းဆောင်း များကို
ဆောင်းလေ့ရှိကြောင်းလဲ တွေ့ရပါသည်။
ဟန်လင်းမြို့ဟောင်းမှ တွေ့ရှိရသော ပူဇော်ကန်တော့နေဟန် ပျူရုပ်ကြွများပါရှိသည့်
ကျောက်ချပ်ကြီး၊ သရေခေတ္တရာမြို့ဟောင်း H.M.A– 8 တူးဖော်မှုမှ တွေ့ရှိရသော ပျူကချေ သည် ၅ ယောက်ရုပ်တုနှင့်
ရွှေတံခါး မြို့ဝင်ပေါက်မှ ရရှိသော တာရာဒေဝီရုပ်တု၊ ညောင်နီပင် ကုန်းမှ ရရှိသော
လက္ချမီးမယ်တော်ရုပ်တုတို့တွင် ပျူအမျိုးသမီးတို့၏ ဝတ်စား ဆင်ယင်ထုံးဖွဲ့မှု
အထောက်အထားများကို တွေ့ရှိရပါသည်။
၎င်းရုပ်တု
ရုပ်ကြွများကို လေ့လာကြည့်ပါက ပျူခေတ် အမျိုးသမီးများသည် ဦးခေါင်း ထိပ် အလယ်တွင်
ဆံပင်ကို တစ်ဆင့်၊ နှစ်ဆင့်၊ သုံးဆင့် ရစ်ခွေထုံးဖွဲ့၍လည်းကောင်း၊ အချို့မှာ ဆံပင်ကို အလယ်မှ နှစ်ဘက်ညီညီ
ခွဲ၍လည်းကောင်း၊ အချို့မှာဆံထုံးအထက်တွင် ပုတီးကုံး များကို ပတ်၍လည်းကောင်း၊
ဆံထိုးများထိုးစိုက်၍လည်းကောင်း၊ အချို့မှာ ဦးသျှောင် ခေါင်းဆောင်းများကို
ဆောင်းထားလေ့ရှိကြောင်းကို တွေ့ရပါသည်။
ပျူခေတ်
အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့ဟန်ကို ပုံဖော်ရပါက သာမန်အရပ်သူများ သည်
ဦးခေါင်းထိပ်အလယ်တွင် ဆံပင်ကို ရစ်ခွေထုံးဖွဲ့ကြပြီး ပုတီးကုံးများပတ်ခြင်း၊
ပန်းများ သီ၍ ပန်ဆင်ခြင်း၊ ဆံထိုးများ ထိုးစိုက်အလှဆင်ခြင်းများကို ပြုလုပ်ကြပြီး၊
အထက်တန်းလွှာမှ အမျိုးသမီးများနှင့် ကချေသည်များမှာ ဆံထိုးများနှင့်
ကျောက်မျက်ရတနာပုတီးကုံးများဖြင့် ထိုးစိုက်
အလှဆင်ခြင်း၊ ဆံထုံးအထက်တွင် ဦးသျှောင်ခေါင်းဆောင်းများ ဆောင်းခြင်း
တို့ဖြင့် ဆံကေသာ ထုံးဖွဲ့အလှပြင်ဆင်လေ့ရှိကြောင်း ခေတ်ပြိုင်စာပေမှတ်တမ်းများနှင့်
ရုပ်တုရုပ်ကြွ များမှ တစ်ဆင့် ဖော်ထုတ်နိုင်ပေသည်။
No comments:
Post a Comment