ကုန်းဘောင်ခေတ်သည် အေဒီ ၁၇ ရာစုမှ ၁၈ ရာစုကြား ထွန်းကားခဲ့ပါသည်။ ကုန်းဘောင်ခေတ်ကို ကုန်းဘောင်ခေတ်ဦး၊ ကုန်းဘောင်ခေတ်လယ် (အမရပူရခေတ်) နှင့် ကုန်းဘောင်ခေတ်နှောင်း (ရတနာပုံခေတ်) ဟူ၍ ပိုင်းခြားထားပါသည်။
ကုန်းဘောင်ခေတ် အမျိုးသမီးတို့၏ ဆံကေသာ ထုံးဖွဲ့မှုများကို စာပေမှတ်တမ်း၊
ပုရပိုက် ပန်းချီ၊ နံရံဆေးရေးပန်းချီ၊ ဓာတ်ပုံ၊ ရုပ်တုရုပ်ကြွများ စသည်ဖြင့်
စုံလင်စွာ တွေ့ရှိရပါသည်။
ကုန်းဘောင်ခေတ်ဦး ပန်းချီနံရံဆေးရေး လက်ရာများကို ပုဂံမြို့
အာနန္ဒာအုတ်ကျောင်း၊ ချောင်းဦးမြို့၊ ခင်မွန်ရွာ၊ ရွှေစာရံ ဖိုးကုလားဘုရား၊
စစ်ကိုင်း လောကအောင်မြေဘုရား၊ တောင် သမန် ကျောက်တော်ကြီးဘုရား၊ မန္တလေး
မဟာမြတ်မုနိဘုရား၊ အမရပူရ ရွှေဂူသာဘုရား စသည် တို့တွင်လည်းကောင်း၊
ပုရပိုက်ပန်းချီများတွင်လည်းကောင်း၊ နိုင်ငံခြားသံတမန်များ၏ မှတ်တမ်း တင်
ရေးဆွဲခဲ့ကြသော ပန်းချီများတွင်လည်းကောင်း၊ ဓာတ်ပုံမှတ်တမ်းများအဖြစ် လည်းကောင်း
တွေ့ရပြီခေတ်ပြိုင် စာ ကဗျာ မှတ်တမ်းများတွင်လည်း တွေ့ရှိရပါသည်။
ပုဂံမြို့၏မော်ကွန်းထိန်းဖြစ်သူ ဥတ္တနရာဇာ လှူဒါန်းခဲ့သည့် ကုန်းဘောင်ခေတ်ဦးလက်ရာ
ပုဂံမြို့ရှိ အာနန္ဒာအုတ်ကျောင်းတွင် နံရံဆေးရေးပန်းချီများကို မြန်မာသက္ကရာဇ် ၁၁၃၇ ခုနှစ်တွင် စတင် ရေးဆွဲခဲ့ပြီး မြန်မာသက္ကရာဇ် ၁၁၄၇ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ ၎င်း အာနန္ဒာအုတ်ကျောင်း ရှိ နံရံဆေးရေးပန်းချီများတွင် ကုန်းဘောင်ခေတ်ဦး နန်းတွင်းသူများနှင့် အငြိမ်မင်းသမီး စသည့် အမျိုးသမီးများ၏ ဟန်ပန်များကို ရေးဆွဲ ဖော်ပြထားရာ ဦးခေါင်းထိပ် အလယ်တွင် ဆံပင်ကို စု၍ ထုံးဖွဲ့သော ဘီးပတ်ဆံထုံးများ၊ အင်းဝခေတ်ဟန်ကို ဆက်၍ ယူဆောင်လာသော ဆံကျစ်စွပ်၍ ထုံးဖွဲ့သည့် မြိတ်လွတ်၊ စုလည်း ဆံထုံးဟန်များကို ထုံးဖွဲ့ကြကြောင်း တွေ့ရ ပါသည်။ကုန်းဘောင်ခေတ်လယ် (အမရပူရခေတ်) အမျိုးသမီးတို့၏
ဆံကေသာ ထုံးဖွဲ့မှု ပုံစံများ ကို စာပေမှတ်တမ်းများတွင် အများဆုံး တွေ့ရှိရပါသည်။
ဦးတိုး၏
ရာမရကန်တွင်-
“ဆံကေသာအသိမ်း၊ နံ့သာလိမ်း၊ ပန်းပန်၊ ဘီး
မှန်ကျင်းရာ၊ ဗျာပါဆံချ၊ မြနဖူးရေး” ဟု ဖော်ပြ ထားရာ ကုန်းဘောင်ခေတ်လယ်
အမျိုးသမီးများသည် ဆံပင်ကို ဆီမွှေးလိမ်း၍ ပန်းပန်ကြောင်း၊ မှန်ကိုအသုံးပြု၍
ဘီးဖြင့် ဆံပင်ကို ဖြီးလေ့ရှိကြောင်းနှင့် ဗျာပါဆံ ဆံပင်ပုံစံကို ထုံးဖွဲ့ကြောင်း
တွေ့ရပေသည်။
၎င်းရာမရကန် တစ်နေရာ၌-
“နားအုံနှင့် ပါးဆီမှာ၊ ကတ်ကျေးကျညီလှသည်၊
မြရေသီလံ၊ ဗျာပါဆံက၊ ပါးယံဘယ်ခွေ၊ ပျံဝိုက် လို့ဝေခဲ့ပြီ” ဟု ဖော်ပြထားရာ ဆံပင်ကို ကတ်ကြေးဖြင့်
ကိုက်ဖြတ်၍ ဗျာပါဆံပုံစံ ရရှိအောင် ပြင်ဆင်ကြကြောင်း၊ ၎င်းဗျာပါဆံသည် နားအုံနှင့်
ပါးအနီးတွင် ခွေ၍ဝဲပျံနေကြောင်း ရေးဖွဲ့ထား သည်ကို တွေ့ရှိရပါသည်။
တစ်ဖန် ရာမရကန်၌ပင်-
“ယဉ်လှသည့်ကေဆံ၊
ဖျားညွတ်ကယ်ကော့လံ၊ ပိတုန်းညိုတောင်ပံ၊ ကုံကုမံပျံ့ကြိုင်၊ မဉ္ဇူနံ့လှိုင်လှိုင်၊ နှင်းဆီက
ဘရပိုင်” ဟု
ရေးဖွဲ့ထားပြန်ရာ ကုန်းဘောင်ခေတ်လယ် အမျိုးသမီး တို့ အသုံးပြုသည့်
ဆီမွှေးများဖြစ်သော ကုံကုမံရနံ့၊ မဉ္ဇူပန်းရနံ့၊ နှင်းဆီပန်းရနံ့တို့ကြောင့်
ဗျာပါဆံ အဖျားကော့လေးများသည် လေတိုက်တိုင်း လှုပ်သွားရာ လေထဲတွင် မွှေးရနံ့များ
သင်းပျံ့၍ လာကြောင်း ဖော်ပြထားသည်ကို တွေ့ရပါသည်။
မိဖုရား မမြလေးသည် မောင်တော်ရွှေလိုမင်းက အထင်တော်လွဲသည့်အတွက် ရာဇဝတ်
သင့်လေရာ ရွှေနန်းတော်ကို စွန့်ခွာ၍ စိတ်လက်မအီမသာဖြင့် မဖြီးလိမ်း
မပြင်ဆင်နိုင်ဘဲ နန်းတော် အနောက်တံခါးမှ ထွက်ခွာသွားရပါသည်။ ထိုသို့
ထွက်သွာသွားသည့် မိဖုရားကြီး၏ ကပိုကရို ဆံထုံးတစ်ပတ်ရစ် ထုံးဖွဲ့ထားဟန်လေးမှာ
မြင်ရသူများအဖို့ အမြင်တွင် တစ်မျိုး ကြည့်၍ ကောင်းနေသဖြင့် နန်းတွင်းသူများမှ
လိုက်ပါထုံးဖွဲ့ ပြင်ဆင်ကြရာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ သွားပြီး “ပူပုံထုံး” ဟူသော ဆံကေသာ
ထုံးဖွဲ့မှုပုံစံအသစ်တစ်ခု ပေါ်ထွက်လာပါသည်။ “ပူပုံထုံး”
ပုံစံသည် ဆံပင်ကို ဦးခေါင်းထိပ်အလယ်တွင် မထုံးဘဲ နောက်ဘက်
ပခုံးအနီးတွင် တစ်ပတ်လျှို ရစ်ခွေ၍ ဆံမြိတ်ချထားသည့် ကပိုကရို လျောရဲရဲ
ဆံထုံးပုံစံမျိုး ဖြစ်ပါသည်။ ထို့ကြောင့်လည်း ခေတ်အဆက်ဆက်တွင်
ဦးခေါင်းထိပ်အလယ်နှင့် နောက်ဘက်တွင် ထုံးဖွဲ့သည့် ဟန်ပန်များမှ ကွဲထွက်လာသည့် “ပူပုံထုံး” ပုံစံသစ် ခေတ်စားသွားရခြင်း
ဖြစ်ပေမည်။
ကုန်းဘောင်ခေတ်နှောင်း (ရတနာပုံခေတ်) အမျိုးသမီးတို့၏
ဆံကေသာ ထုံးဖွဲ့ဟန်များ ကို စာပေမှတ်တမ်းများတွင် အများဆုံး ဖော်ပြထားပြီး၊
နိုင်ငံခြားသားများနှင့်အတူ ရောက်ရှိလာ
သော ကင်မရာများ၏ ကျေးဇူးကြောင့်
ဓာတ်ပုံမှတ်တမ်းများအဖြစ်ပါ တွေ့ရှိလာရပါသည်။
ဆရာကြီးဦးမောင်ကလေး၏
တေးထပ်တွင်-
“မူဟန်ပုံ ဘီးဆံပတ်နှင့်၊ မြနားကပ်မဆင်၊
ဥဿဖရား အညွန့်တင်သည်၊ ကြော့နည်းဟန် တစ်ခန်း” ဟု ဖော်ပြထားရာ ရတနာပုံမန္တလေးမြို့တော်မှ
အမျိုးသမီးတို့သည် ဘီးဆံပတ်ဆံထုံး များကို ထုံးဖွဲ့လေ့ရှိကြောင်း တွေ့ရပါသည်။
ပုဂံခေတ် ဆံထုံး ၅၅ မျိုးအနက် အင်းဝခေတ်တွင် ဆံထုံး ၃၇ မျိုးသာ
ကျန်တော့ပြီး ကုန်းဘောင်ခေတ် ဘကြီးတော် လက်ထက်တွင် ၇ မျိုးသာ ကျန်တော့ကြောင်းကို-
“ရွှေနန်းသုံးကို၊ ပိုက်ကျုံးမှတ်ယူ၊
သိတော်မူလော့၊ မြိတ်ဖြူညိုညို၊ မြိတ်စို့ထွတ်ထွတ်၊ မြိတ်လွတ် မည်းမည်း၊
စုလည်းရွှင်ရွှင်၊ ယကင်ထုံးထုံး၊ လုံးတင်သစ်သစ်၊ မြိတ်ရစ်မြိတ်ခံ၊ မြတ်ပျံရတနာ၊
သိင်္ဂါရွှေသား၊ ပတ္တမြားရောင်ပြုံး၊ ခုနစ်လုံးသည်၊ ဆံထုံးမင်္ဂလာ တင့်ရွှန်းတည်း” ဟု ဖော်ပြ ထားရာ မြိတ်ဖြူ၊ မြိတ်စို့
၊မြိတ်လွတ်၊ မြိတ်ရစ်၊ စုလည်း၊ ယကင်၊ လုံးတင် ဆံထုံးများသာ ကျန်ရှိ တော့ကြောင်း
တွေ့ရပေသည်။
လှေသင်းအတွင်းဝန် ဦးချိန်၏ အဘိဇာနတ္ထဝိသောဓနီကျမ်းတွင် အိမ်တော်များ၌
ဆံထုံး ထုံး၊ တဘက်ဝတ်၊ ဒက်ဆင်မင်္ဂလာအခမ်းအနားများ ကျင်းပလေ့ရှိကြောင်း
ဖော်ပြထားရာ နန်းတွင်းသူ အမျိုးသမီးလေးများအား ဆံထုံးထုံးခြင်း မင်္ဂလာ
ကျင်းပလေ့ရှိကြောင်း တွေ့ရပါ သည်။
စလေဦးပုညက နန်းတွင်းသူလေးများ၏ အလှအပကို ဖော်ကျူးရေးဖွဲ့ရာတွင်-
“တကျော့ထုံးနှောင်၊ ကေသီလျော့နှင့်၊ သုံးတောင့်ထွာကြော့၊
ကော့လျော့ကေခိုင်၊ ပိတုန်းမင်ညွန့် ဆိုင်၊ စံပုံရှားတဲ့ သိကြားမှိုင်ငယ်” ဟု ရေးဖွဲ့ထားရာ ရတနာပုံ
နန်းတွင်းသူလေးများ၏ လျော့တိလျော့ရဲ “ပူပုံထုံး”
ကဲ့သို့ ဆံထုံးထုံးဟန်ကို ထင်သာမြင်သာ စေပါသည်။
ဦးဆောင်း၏ ချဉ်ပေါင်ဟင်းဘွဲ့တွင်-
“ဆံစလိပ်ခွေ၊ ဖားရားဝေနှင့်၊ အိမ်နေသူသက်နှံ” ဟု ဖော်ပြထားရာ အရပ်သူအမျိုးသမီးတို့၏
အိမ်နေရင်း ဆံပင်အပြင်အဆင်မှာ
ဆံပင်ကို ထုံးဖွဲ့ခြင်း မပြုကြဘဲ ဖားလျားချ၍လည်းကောင်း၊ လိပ်ခွေ၍လည်းကောင်း
ပြုလုပ်ထားကြောင်း တွေ့ရပါသည်။
ဦးကြော့၏ စုံနံ့သာမြိုင်ရှာပုံတော်တွင်-
“ကေသီတော်ညက်၊
မြစပယ်ငုံ၊ လလယ်ယုန်မှာ၊ ဆဆယ်ပုံပျက်ခဲ့ပေါ့” ဟု ဆိုထားရာ ပုဂံခေတ် ဆံထုံး ၅၅ မျိုးမှ
လလယ်ယုန် ဆံထုံးထုံးနည်းကိုလည်း ဆက်လက် အသုံးပြု ထုံးဖွဲ့သည်ကို တွေ့ရပါသည်။
ဗုံကြီးသံတစ်ခုတွင်-
“ခင်ဇော်မနီ၊ ဆံပတ်ဘီးထွေနှင့်၊
ရပ်ကြီးသူမို့၊ တမျိုးဟန်” ဟု ရေးဖွဲ့ထားရာ အရပ်သူတို့သည် ဘီးဆံပတ်ဖြင့် ဟန်ပန်တစ်မျိုး ရှိကြောင်း
တွေ့ရပါသည်။
အပျိုတော် ၁၀၀ ပုရပိုက်တွင်လည်း နန်းတွင်းမှ အပျိုတော်များကို မှတ်တမ်းတင်
ရေးဆွဲ ထားရာ မှန်နန်းဆောင်အပျိုတော်များသည် လလယ်ယုန်ဆံထုံး၊
ပုဇဉ်းတောင်ဖြန့်ဆံထုံး၊ ဟင်္သာ စာခွံ့ဆံထုံး၊ မြိတ်ဖြူ၊ မြိတ်စို့ စံထုံးများကို
ထုံးဖွဲ့ကြကြောင်း တွေ့ရပါသည်။
မြန်မာမင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်း၏ မိဖုရားဖြစ်သူ စုဖုရားလတ်
သည် ရှေးကမိဖုရားများ ထုံးဖွဲ့သည့်ဟန် ယကင်၊ စုလည်း ပုံစံမျိုးကို ထုံးဖွဲ့ခြင်း
မပြုဘဲ ဦးခေါင်း ထိပ်အလယ်တွင် ဘီးခံကာ ဆံပင်ကို ခွေပတ်၍ ဆံထုံးသေးသေး
ပုံ့ပုံ့လေးထုံးပြီး ပန်းခက် ပန်းခိုင်လေးများကို ခွေပတ်သွယ်ချကာ ပန်ဆင်ထားပြီး
မဟာနဖူးပေါ်လွင်အောင် ထောင့်ချိုး၍ ဖော်ထားသည်မှာ ကျက်သရေရှိလှပေသည်။
ထိုဆံထုံးပုံစံကို “စုဖုရားလတ်ဆံထုံး” ဟု အမည် ပေးထားပြီး ရတနာပုံခေတ် နောက်ပိုင်း ကိုလိုနီလက်အောက်
ကျရောက်သွားချိန်တွင် မန္တလေးမှ အမျိုးသမီးများက တုပ၍ ထုံးဖွဲ့လာကြပါသည်။
စုဖုရားလတ်၏ ဓာတ်ပုံများတွင် ၎င်းဆံထုံးပုံကို တွေ့မြင်နိုင်ပေသည်။
ထို့ကြောင့် ကုန်းဘောင်ခေတ် တစ်လျှောက်လုံးတွင် အမျိုးသမီးများသည်
ဆံကေသာကို ဆီမွှေးများ လိမ်းကျံလေ့ရှိကြောင်း၊ ဆံထုံးတွင် ပန်းများကို
ပန်ဆင်လေ့ရှိကြပါသည်။ အရပ်သူ များမှာ ဘီးပတ်ထုံးလေ့ရှိကြောင်း၊ နန်းတွင်းသူများ
မှာ ပုဂံခေတ် ဆံထုံး ၅၅ မျိုးမှ မြိတ်ဖြူ၊ မြိတ်စို့၊ မြိတ်လွတ်၊ မြိတ်ရစ်၊
စုလည်း၊ ယကင်၊ လုံးတင် ၇ မျိုးသာ ဆက်လက် ထုံးဖွဲ့လာကြ သည်ဟု ဆိုကြသော်လည်း လလယ်ယုန်၊
ပုဇဉ်းတောင်ဖြန့်၊ ဟင်္သာစာခွံ့ စသည့် ဆံထုံးများကို ဆက်လက်
ထုံးဖွဲ့ကြကြောင်းနှင့် အင်းဝခေတ်တွင် ထင်ရှားခဲ့သော ရှင်မြတ်လှ၏ ဗျာပါဆံ
ဆံထုံးကိုလည်း နှစ်သက်စွာ ထုံးဖွဲ့ကြကြောင်း၊ ကုန်းဘောင်ခေတ် မိဖုရားမမြလေး၏ ပူပုံထုံးနှင့်
မိဖုရားစုဖုရားလတ်၏ ဆံထုံးပုံစံအသစ်များကိုလည်း တုပထုံးဖွဲ့လာကြကြောင်း
တွေ့ရပေသည်။ အိမ်နေရင်းနှင့် အခြားအချိန်များတွင်မူ အမျိုးသမီးများမှာ
ဆံထုံးထုံးလေ့ မရှိဘဲ ဆံပင်ကို ဖား လျားချထားလေ့ရှိကြောင်းကို
တွေ့ရှိဖော်ထုတ်နိုင်ခဲ့ပါသည်။ ထို့အပြင် နန်းတွင်း မိသားစုများ သည် သမီးတော်များ
အရွယ်အလိုက် မင်္ဂလာအခမ်းအနားများ ကျင်းပလေ့ရှိရာ ဆံထုံးထုံး မင်္ဂလာ ပါဝင်ကြောင်း
တွေ့ရသဖြင့် ဆံကေသာ ထုံးဖွဲ့မှုကို အလေးထားကြောင်း သိရပေသည်။
ကုန်းဘောင်ခေတ် မိဖုးရားများနှင့် သမီးတော်များသည် မဟာလတ္တာတန်ဆာကို ဝတ်
ဆင် ကြသောအခါတွင် ဆံပင်ကို ထုံးဖွဲ့ခြင်းမပြုဘဲ နောက်တွင် စုစည်း၍ ဖားလျားချကာ
စည်းပုံ ဆောင်း လေ့ရှိကြောင်းတွေ့ရပါသည်။

No comments:
Post a Comment